အမျိုးသမီးများအတွက် ကျန်းမာရေးစောင့်ရှောက်မှု ပညာပေးခြင်းနှင့် စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်း။

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းသည်၂၀၁၃ ခုနှစ်တွင် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဋ္ဌာန၊ အသေးစားငွေရေးကြေးရေးကြီးကြပ်မှုကော်မတီ၏ ခွင့်ပြုချက်ဖြင့် အခြေခံလူတန်းစားများ၏ ဘဝမြင့်မားလာစေရန်နှင့် ဆင်းရဲမှုပပျောက်စေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီးရှိ လှည်းကူးမြို့၊ တိုက်ကြီးမြို့နှင့် ဥက္ကံမြို့ရှိ အမျိုးသမီးဦးရေ (၁၂၀၀၀) ကျော်အတွက် အသေးစားငွေရေးကြေးရေးလုပ်ငန်း (Microfinance) ကို ဆောင်ရွက်ပေးခဲ့ပါသည်။ 

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းသည်အမျိုးသမီးများ တကိုယ်ရည်ကျန်းမာရေး ဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ လုံမနီ အမျိုးသမီးလစဉ်သုံးပစ္စည်းများအား ပေးဝေကာ၊ အမျိုးသမီးများသို့ အသိပညာရရှိစေနိုင်သည့် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပပေးခဲ့ပါသည်။ လူမှုဝန်းကျင်အတွင်း အမျိုးသမီးများ အလုပ်အကိုင်အခွင့်အလမ်းနှင့်တကွ တစ်သက်တာ သက်မွေး ဝမ်းကျောင်းပြီး ရပ်တည်နိုင်ရန် ရည်ရွယ်၍၊ ကမ္ဘောဇအနာဂတ် အလင်းတန်း မြန်မာ ဖောင်ဒေးရှင်းသည် အသေးစားငွေရေးကြေးရေးလုပ်ငန်းမှ အမျိုးသမီးများ၏သမီးငယ်များအတွက် ကွန်ပျူတာအခြေခံသင်တန်း များနှင့် စက်ချုပ်သင်တန်းများကို စံနစ်တကျ သင်ကြားပို့ချပေးခဲ့ပါသည်။ ထိုမျှမက ကိုယ်ပိုင်စက်ချုပ် လုပ်ငန်းဖြင့် ရပ်တည်နိုင်ရန်အတွက် အရစ်ကျငွေပေးချေစံနစ်ဖြင့် အပ်ချုပ်စက်များကို ဝယ်ယူပေးခဲ့ပါသည်။

Women’s Forum Myanmar- ASEAN 2014

"အမျိုးသမီးများအားလုံး တန်းတူအခွင့်အရေး ရရှိပြီး၊ အရေးပါတဲ့ အခန်းကဏ္ဍများမှ ပါဝင်နိုင်ရေးဟာ ငြိမ်းချမ်းရေးကို အခြေပြုတဲ့၊ အဓိကကျတဲ့ အမျိုးသားရေး ရည်မှန်းချက်တစ်ရပ် ဖြစ်ပါတယ်၊ အစိုးရအနေနဲ့လဲ အမျိုးသမီးတိုင်း နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ လူမှုရေးအခန်းကဏ္ဍများမှာ တက်ကြွစွာ၊ ပျော်ရွှင်ကျန်းမာစွာပါဝင်ပြီး၊ တန်းတူအခွင့်အရေးများ ရရှိစေနိုင်ဖို့အတွက် ချမှတ်ထားတဲ့ ရည်မှန်းချက်များကို အကောင်အထည်ဖော်ပေးသွားမှာ ဖြစ်ပါတယ်"  _ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ Women’s Forum Myanmar-ASEAN 2014 ၌ ပြောကြားခဲ့သည့်မိန့်ခွန်းမှ ကောက်နှုတ်ချက်။

၂၀၁၄ ခုနှစ်၊ နေပြည်တော်၌ ကျင်းပခဲ့သော Women’s Forum Myanmar-ASEAN 2014 တွင်ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှStrategic Partner အဖြစ် ပါဝင်ခဲ့သည်။ ထိုဖိုရမ်တွင် “အမျိုးသမီးများ လူမှုပတ်ဝန်းကျင်၌ အရှိန်အဟုန်ဖြင့် ပါဝင်ဆောင်ရွက်ခြင်း” ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ကြရာ၊ နိုင်ငံရေးနှင့် စီးပွားရေးနယ်ပယ်တွင် ကျားမမခွဲခြားပဲ အမျိုးသမီးများ ဦးဆောင်၍ ပါဝင်ဆောင်ရွက်နိုင်ရန် အဓိကထား ဆွေးနွေးခဲ့ကြသည်။ ဤဆွေးနွေးပွဲမှ လူမှုရေးနှင့်စီးပွားရေးကဏ္ဍများ၊ နိုင်ငံရေးနှင့် ဥပဒေရေးရာနယ်ပယ်များတွင်  အမျိုးသမီးများ၏ ခေါင်းဆောင်မှုကဏ္ဍနှင့် ဆုံးဖြတ်ချက်ချနိုင်မှု အခြေအနေများအတွက် ထိရောက်စွာ တွန်းအားပေးနိုင်ခဲ့ပြီး၊ ထိုဆွေးနွေးပွဲသည် စီးပွားရေး၊ နိုင်ငံရေး၊ ဥပဒေရေးရာ နယ်ပယ်များ၌ တာဝန်ထမ်းဆောင်နေသော အမျိုးသမီးများ၊ အမျိုးသမီးခေါင်းဆောင်များသာမက အိမ်ထောင်ရှင်မများ၊ သက်ကြီးရွယ်အိုအမျိုးသမီးများအတွက်ပါ နား၊ မျက်စိ ပွင့်စေသော ဆွေးနွေးပွဲတစ်ခု ဖြစ်ခဲ့သည်။ထိုဖိုရမ်က အမျိုးသမီးများ၏အခွင့်အရေးအတွက် အမြန်ဆုံး ပြုပြင်ပြောင်းလဲ လုပ်ဆောင်နိုင်စေရန် လမ်းစဖွင့်ပေးနိုင်ခဲ့သည်။

ဤဖိုရမ်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက်ပြီး မှတ်ချက်ပေးခဲ့သကဲ့သို့၊ နိုဗယ်ဆုရှင် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှလည်း  အမျိုးသမီးများ အရေးကြီးဆုံးဖြတ်ချက်များ ချမှတ်နိုင်သည့်နေရာမှ ပါဝင်လာနိုင်ရန် ရည်ရွယ်သည့် ၎င်း၏ အမှာစကားကို ယခုလို ပေးပို့ပြောကြား ခဲ့ပါသည်။

"ကျွန်မအနေနဲ့ အမျိုးသမီးများကို နိုင်ငံရေးနယ်ပယ်မှာ မှန်ကန်တဲ့နည်းလမ်းနဲ့ ယခုထက်ပိုပြီး ပါဝင်လာစေချင်ပါတယ်၊ ကျွန်မတို့တိုင်းပြည်ရဲ့ နိုင်ငံရေးနယ်ပယ်မှာ ထက်ထက်မြက်မြက်နဲ့ ပါဝင်ဆောင်ရွက်နေတဲ့ အမျိုးသမီးဦးရေ အင်မတန် နည်းပါးနေပါသေးတယ်၊ နိုင်ငံရေးနယ်ပယ်မှာ ဒီလို အမျိုးသမီးတွေ ပါဝင်လာနိုင်ဖို့ အပြောင်းအလဲတွေ လိုအပ်ပါတယ်၊ အစိုးရကက်ဘိနက်မှာ အမျိုးသမီးဝန်ကြီးတွေ ဘယ်လောက်များများ ပါဝင်နေတယ်ဆိုတာက အဓိကမကျပါဘူး၊ လက်ရှိ ပါဝင်ခွင့်ရနေတဲ့ အမျိုးသမီးတိုင်းဟာ လွှတ်တော်မှာ စီးပွားရေးဆိုင်ရာ ဒါမှမဟုတ် အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းများနဲ့ ဘယ်လောက် ထိထိရောက်ရောက် လက်တွဲဆောင်ရွက်နိုင်တယ်၊ တိုင်းပြည်အတွက်၊ ပြည်သူတွေအတွက် ဘယ်လောက်အထိ တရားမျှမျှတတနဲ့ မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်တယ်ဆိုတာက ပိုအဓိကကျပါတယ်၊"- ဒေါ်အောင်ဆန်းစုကြည်၏ Women’s Forum Myanmar-ASEAN 2014 ၌ ပြောကြားခဲ့သည့် မိန့်ခွန်းမှ ကောက်နှုတ်ချက်။

ထိုသို့သော ပြောင်းလဲမှုများကို ရည်မှန်း၍ ကမ္ဘောဇဘဏ်လီမိတက်၏ “အနာဂတ် အလင်းတန်းမြန်မာဖောင်ဒေးရှင်း” သည်“Women’s Forum Myanmar-ASEAN” ဖြစ်မြောက်ရေးအတွက် ဂုဏ်ယူဝမ်းမြောက်စွာ တစ်တပ်တစ်အား ပံ့ပိုးပါဝင်ဖြစ်ခဲ့သည်။ ထိုဖိုရမ်တွင် စီးပွားရေးနယ်ပယ်နှင့် အခြားနယ်ပယ်အသီးသီးမှ အမျိုးသမီးအုပ်ချုပ်မှုဒါရိုက်တာများနှင့် အမျိုးသမီးတတ်သိပညာရှင်များပါဝင်၍ မြန်မာအမျိုးသမီးများ၏ အခွင့်အရေးနှင့် ရပိုင်ခွင့်များအတွက် ကိုယ်တိုင်ကိုယ်ကျ အသီးသီး ပါဝင်ဆွေးနွေး ခဲ့ကြရာ၊ ကမ္ဘောဇဘဏ်မှ အမျိုုးသမီးအရာထမ်းများလည်း ပါဝင် ဆွေးနွေးခဲ့ကြပါသည်။ 

ယခုအခါ ကမ္ဘောဇဘဏ်၏ ဝန်ထမ်းစုစုပေါင်းမှ (၆၅)ရာခိုင်နှုန်းသည် အမျိုးသမီးဝန်ထမ်းများ ဖြစ်ကြပြီး၊ ၂၀၁၄ ခုနှစ်တွင် (၅၀.၈) ရာခိုင်နှုန်းအထိ အုပ်ချုပ်မှုအပိုင်းတွင် အမျိုးသမီးအရာထမ်းဦးရေတိုးမြှင့်ကာ တာဝန်ယူဆောင်ရွက်လျှက်ရှိနေသည်ကို ဂုဏ်ယူစဖွယ် တွေ့ရှိရပါသည်။

Daw Nang Lang Khan, Co-founder of KBZ Brighter Future Myanmar Foundation at Myanamar Investment Outreach Forum and Women in Myanmar's Economy Forum commissioned by KBZ Bank and KBZ  Brighter Future Myanmar Foundation in New York City in September 2014, of which intension is to provide market solutions and financial advancement for Myanmar people and the country at large.