လူငယ်များအတွက် ပညာရေးပံ့ပိုးရန် လိုအပ်သည်များကို ဆောင်ရွက်ပေးခြင်း

"ပညာမြင့်မှ လူမျိုးတင့်မည် ပညာရဲရင့်ပွဲလယ်တင်မည်" ဆိုသော ဆောင်ပုဒ်အတိုင်း ကမ္ဘောဇ ဘဏ်သည် ဝန်ထမ်းများအား အဆင့်မြင့်ပညာများ သင်ကြားနိုင်စေရန်အတွက် သင်တန်းများစွာ ပို့ချပေးလျှက် ရှိပါသည်။ မြန်မာ့လူမှုအသိုင်းအဝိုင်းနှင့် ဘဏ္ဍာရေးနယ်ပယ်တွင် ဤသို့ ထိရောက်စွာ ပျိုးထောင်၍ ရင်းနှီးမြုပ်နှံပေးခြင်းအားဖြင့် ပညာရေး၊ စီးပွားရေးနှင့် ဘဏ္ဍာရေးကဏ္ဍ အသီးသီးတို့တွင် ထူးချွန်ကျွမ်းကျင်စွာ ဦးဆောင်နိုင်သူများ ပေါ်ထွက်လာမည်ဖြစ်ပြီး၊ စီးပွားရေးနယ်ပယ်တွင် ရေရှည်ရပ်တည် နိုင်စေရန် ရည်ရွယ်ပါသည်။

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းသည် Myanmar-Japan Association နှင့် ပူးပေါင်း၍ ပညာထူးချွန်သည့် ကျောင်းသား/သူများအား ဂျပန်နိုင်ငံသို့ တာဝန်ယူစေလွှတ်၍ နှစ်နိုင်ငံကြား ဗဟုသုတများ၊ အတွေ့အကြုံများ ဖလှယ်စေခဲ့ရာ၊ ၂၀၁၃ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း စုစုပေါင်း (၄၀)ဦး စေလွှတ်နိုင်ခဲ့ပါသည်။ ထို့ပြင် ကမ္ဘောဇပညာသင်ဆုအနေဖြင့် ၁၉၉၉ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း သူနာပြုတက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ်၊ ရေကြောင်းသိပ္ပံ/ ရေကြောင်းတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ပညာရေးတက္ကသိုလ်၊ ဆေးတက္ကသိုလ်၊ ဝိဇ္ဇာသိပ္ပံတက္ကသိုလ်၊ ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်များမှ ကျောင်းသား/သူ (၄၅၀)ယောက်အား Ph.D ဘွဲ့ရယူနိုင်သည်အထိ ပညာသင်ကြေး ထောက်ပံ့ပေးခဲ့ပါသည်။

ထို့ပြင် ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းအနေဖြင့် နှစ်စဉ် ကျေးလက်ဒေသ အသီးသီးရှိ စာသင်ကျောင်းများသို့ သွားရောက်ကာ ကျောင်းသုံးပစ္စည်းများ၊ စာရေးကိရိယာများ သွားရောက် လှူဒါန်းယုံမျှမက၊ ကလေးငယ်များနှင့် နွေးထွေးရင်းနှီးစွာ တွေ့ဆုံ၍ စိတ်ခွန်အားများ ပေးခဲ့ပါသည်။