KBZ Brighter Future Myanmar Foundation အကြောင်း

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာ ဖောင်ဒေးရှင်းသည် ကမ္ဘောဇဘဏ်နှင့် ကမ္ဘောဇအုပ်စု၏ လူမှုစီးပွား အကျိုးပြုလုပ်ငန်းများ (Corporate Social Responsibility) ကို ထိရောက်စွာ ဆောင်ရွက်နေသော ဖောင်ဒေးရှင်းတစ်ခု ဖြစ်ပါသည်။ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ လုပ်ဆောင်နေသည့် Corporate Social Responsibilityဟူသည် လူမှုအကျိုးပြု  ပရဟိတ လုပ်ငန်းများ လုပ်ကိုင်ခြင်း သက်သက်မျှ မဟုတ်ပေ။ အများပြည်သူအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ အခွန်အခများ တိကျစွာ ထမ်းဆောင်ပေးခြင်း၊ အကျင့်ပျက်ခြစားမှုမှ ကာကွယ်ခြင်း၊ အဖွဲ့အစည်းအတွင်း ပွင့်လင်းမြင်သာမှုရှိစေခြင်း၊ လူ့အခွင့်အရေး တန်ဘိုးထားခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ ဘဝလုံခြုံမှုရရှိစေရန် အာမခံချက်ပေးခြင်း၊ သဘာဝပတ်ဝန်းကျင် ထိခိုက်စေမည့်အရာများမှ ကာကွယ်စောင့်ရှောက်ပေးခြင်း၊ အစရှိသည့် လေးနက်၍ အရေးပါသော လူမှုစီးပွားအကျိုးပြုလုပ်ငန်းများပါ လုပ်ဆောင်နေခြင်းဖြစ်ပါသည်။

၂၀၀၈ခုနှစ် နာဂစ်မုန်တိုင်း ကျရောက် ချိန်တွင် ကမ္ဘောဇဘဏ်မှ အမှုဆောင်ဒါရိုက်တာများ ဖြစ်သော ဒေါ်နန်းလိုင်းခမ်းနှင့် ဒေါ်နန်းခမ်းနောင့်တို့မှ မုန်တိုင်းသင့်ပြည်သူများအတွက် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ  ဆောင်ရွက်ခဲ့ရာမှ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာ ဖောင်ဒေးရှင်းကို အစပြုခဲ့ပါသည်။ ၂၀၁၄ ခုနှစ်တွင် တရားဝင်မှတ်ပုံတင်၍ လူမှုရေးအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လုပ်ငန်းစဉ် (၅)ရပ် စနစ်တကျချမှတ်ပြီး ဖွဲ့စည်းခဲ့ပါသည်။ ယခုအခါ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းသည် လူမှုဝန်းကျင်အတွက် လိုအပ်သည့်နေရာများ၌ ထိရောက်စွာ လှူဒါန်းခြင်း၊ အခြား အဖွဲ့အစည်းများ၏ လူမှုအကျိုးပြုလုပ်ငန်း ဆောင်ရွက်မှုများတွင် ငွေကြေး ကမကထပြုလုပ်ပေးခြင်း၊ လူမှုဝန်းကျင် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် စီမံကိန်းများ ချမှတ်ဆင်ရွက်ခြင်းတို့ ပြုလုပ်ခဲ့ရာ ယခုအချိန်ထိ အမေရိကန်ဒေါ်လာ စုစုပေါင်း (၁၄၄) မီလီယံကို လူမှုစီးပွားဖွံ့ဖြိုးမှုအတွက် ရင်းနှီးမြုပ်နှံခဲ့ပြီး ဖြစ်ပါသည်။