(BFM)သည် စက်ရေတွင်း တူးစက်ကြီးများဖြင့် ရေရှားပါးသော ဒေသများတွင် တူးဖော်ပေးသည့် စက်ရေတွင်းများအနက် နောက်တစ်တွင်းအောင်ပြန်ပြီ....

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း(BFM)သည် မြန်မာပြည် တစ်ဝှန်းရေရှားပါးသောဒေသများတွင် ရေတွင်းတူးစက်ကြီးများနှင့်တောင်ပေါ်မြေပြန့်မခွဲပဲ တူးဖော်ပေးလျှက်ရှိရာ တောင်ပေါ်ဒေသ ဖြစ်သည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ခုတင် (၂၀၀) လွိုင်လင်ခရိုင်ပြည်သူ့ဆေးရုံ၌လည်း တူးဖော်ပေးခဲ့ပါသည်။
လွိုင်လင်ပြည်သူ့ဆေးရုံတွင် ရေတွင်းတူးစက်ကြီးဖြင့် (၁၀.၂.၂၀၁၇) နေ့တွင် စတင်တူးဖော်ခဲ့ရာ (၂၅.၂.၂၀၁၇)နေ့၊ အနက် ပေ(၂၀၀)အရောက်၌ တစ်နာရီလျှင် ရေ(၁၅၀၀)ဂါလံနှုန်းထွက်ရှိခဲ့ပါသည်။ ယခင်က လွိုင်လင်ခရိုင်ဆေးရုံတွင် ရေနှင့် ပတ်သက်ပြီး အခက်အခဲအချို့တွေ့ရှိရသော်လည်း ယခုအခါ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း(BFM)၏ မွန်မြတ်သော စေတနာ၊ လွိုင်လင်ခရိုင်ဆေးရုံဝန်ထမ်းများ၏ လူနာများအပေါ်ထားရှိသည့် စစ်မှန်သော စေတနာတို့ကြောင့် ယခုကဲ့သို့ အသီးအပွင့်ခံစားရခြင်း
ဖြစ်ပါသည်။BFMက လွိုင်လင်ခရိုင်ဆေးရုံတွင် ရေတွင်းတူးစက်ကြီးဖြင့် ရေတွင်းတူးဖော်ပေးပြီး ရေအောင်ခဲ့သောကြောင့် နွေရာသီတွင် ရေရှားပါးသော လွိုင်လင်မြို့ရှိ ခရိုင်ဆေးရုံတွင် တာဝန်ထမ်းဆောင်နေသော ဆရာဝန်၊ သူနာပြုများ အပါအဝင် ဝန်ထမ်း (၁၉၆)ဦး၊ ဝန်ထမ်းမိသားစု (၅၀၀)ဦးခန့် နှင့် ဆေးကုသမှုခံယူသူတို့မှာ ရေအတွက် ပူပင်သောက ပွားရန်မလိုတော့ပြီဖြစ်ပါသည်။ လွိုင်လင်ခရိုင်ဆေးရုံတွင် တူးဖော်ပေးသော စက်ရေတွင်းမှာ ကမ္ဘောဇအနာဂတ် အလင်းတန်းမြန်မာဖောင်ဒေးရှင်း(BFM)က မြန်မာပြည်တစ်ဝှန်း တူးဖော်ပေးသော စက်ရေတွင်း (၁၉၃)တွင်းအနက်၊ (၁၄၆)တွင်းမြောက် ရေအောင်တွင်းလည်းဖြစ်ပါသည်။ ထို့အပြင် BFMသည် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင်၊ ကျောက်ဖျာဒိုးကျေးရွာ၊ ဖားအောက်တောရဓမ္မရိပ်သာ၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်းတယမြို့၊ ကုံလုံကျောင်း တို့တွင်လည်း စက်ရေတွင်းများ တစ်ပြိုင်နက် တူးဖော်လှူဒါန်းပေးလျက်ရှိပါသည်။