တောင်ကြီးမြို့၊ မေတ္တာရှင်ကုသိုလ်ဖြစ်အခမဲ့ဆေးရုံတွင်း တူးဖေါ်လှူဒါန်းပေးသော စက်ရေတွင်းရေအောင်ပြီ။

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း(BFM )မှ ရေရှားပါးသော နေရာဒေသများတွင် တောင်ပေါ်မြေပြန့်မရွေး စက်ရေတွင်းများတူးဖော်လှူဒါန်းပေးလျက်ရှိပြီး တောင်ကြီးမြို့၊ မေတ္တာရှင်ကုသိုလ်ဖြစ်အခမဲ့ဆေးရုံတွင် တူးဖေါ်လှူဒါန်းပေးသောစက်ရေတွင်းသည် မေလ (၁၉) ရက်နေ့၌ အနက်ပေ (၇၂၀)အရောက်တွင် တစ်နာရီ ရေဂါလံံ(၁၀၀၀) ခန့်ဖြင့် ရေအောင်ခဲ့ပြီဖြစ်ပါသည်။ ယခုအောင်မြင်ခဲ့သော စက်ရေတွင်းသည် မြန်မာပြည်တစ်ဝှမ်း ကမ္ဘောဇအနာဂတ် အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ တူးဖော်ပေးခဲ့သော စက်ရေတွင်းပေါင်း (၂၀၅) တွင်းအနက် (၁၅၅) တွင်းမြောက် ရေအောင်တွင်းလည်း ဖြစ်ပါသည်။

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း(BFM )မှ မေတ္တာရှင်ကုသိုလ်ဖြစ်အခမဲ့ဆေးရုံတွင် စက်ရေတွင်းအောင်မြင်စွာတူးဖော်လှူဒါန်းနိုင်ခဲ့ခြင်းကြောင့် ဆေးရုံတက်လူနာများ၊ ပြင်ပလူနာများနှင့်ဝန်ထမ်းများအနေဖြင့် ယခင်ကထက် ရေကို လုံလောက်စွာဖြင့် သုံးစွဲနိုင်တော့မည် ဖြစ်ပါသည်။

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း (BFM)သည် မြန်မာပြည်အနှံ့သောက်သုံးရေရှားပါးသော နေရာများတွင်ဒေသမရွေး စက်ရေတွင်းတူး စက်ကြီးများဖြင့် စက်ရေတွင်းများ တူးဖေါ်ပေးခဲ့သည်မှာ ၂၀၁၃ခုနှစ်၊ မတ်လမှ ယနေ့တိုင် ဖြစ်ပြီး ယခုအချိန်တွင် မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ တံခွန်တိုင်ကျေးရွာ၌လည်း စက်ရေတွင်းတူးဖော်လှူဒါန်းပေးလျှက်ရှိပါသည်။