ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာ ဖောင်ဒေးရှင်းမှ သဘာဝပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်ရေးနှင့် ဘေးဒုက္ခများကူညီကယ်ဆယ်ရေးကွန်ယက် ပဲခူးမြို့သို့ ရေသယ်ယာဉ်အသစ် ပေးအပ်လှူဒါန်း။

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းသည် ရေရှားပါးမှုအခက်အခဲများနှင့် ကြုံတွေ့ရလေ့ရှိသောဒေသများသို့ ရသယ်ယာဉ်အသစ်များ ပေးအပ်လှူဒါန်းလျှက်ရှိရာ ယနေ့ မေလ (၁၆) ရက်နေ့တွင် သဘာဝပတ်ဝန်ကျင် ကာကွယ်စောင့်ရှောက်ရေးနှင့် ဘေးဒုက္ခများကူညီကယ်ဆယ်ရေးကွန်ယက် (ပဲခူးမြို့) သို့ ဂါလံ (၃၀၀၀) ဆံ့ရေသယ်ယာဉ်အသစ်တစ်စီး လှူဒါန်းခဲ့ပါသည်။

အဆိုပါရေသယ်ယာဉ်အသစ်အား သဘာဝပတ်ဝန်းကျင်ကာကွယ်စောင့်ရှောက်ရေးနှင့် ဘေးဒုက္ခများကူညီကယ်ဆယ်ရေးကွန်ယက် (ပဲခူးမြို့)ရုံးတည်ရှိရာ ပရဟိတဥူးကိတ္တိကျောင်းတိုက်တွင် ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာ ဖောင်ဒေးရှင်းကိုယ်စား ကမ္ဘောဇဘဏ်လီမိတက် ပဲခူးဘဏ်ခွဲ(၁) တာဝန်ခံ ဦးဇေဝင်းထွန်းနှင့် ဖောင်ဒေးရှင်းတာဝန်ရှိသူများမှ ပေးအပ်လှူဒါန်းခဲ့ပြီး အသင်းဥက္ကဋ္ဌ ဦးဇော်နိုင်မှ လက်ခံရယူခဲ့ပါသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးကျော်မင်းစံမှ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းအား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည်။

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းသည် ရေရှားပါးသည့်ဒေသများ၌ ရေဖြန့်ဝေလှူဒါန်းခြင်းများ ပြုလုပ်နိုင်ရန် ၂၀၁၆ ခုနှစ်အတွင်း ရေသယ်ယာဉ်အသစ် (၄၄) စီးကိုဝယ်ယူခဲ့ပြီး နိုင်ငံတစ်ဝှမ်းရှိ သောက်သုံးရေရှားပါးမှု အခက်အခဲနှင့် ကြုံတွေ့နေရသော ဒေသများအရောက် ရေဂါလံပေါင်းသန်းချီ၍ လှူဒါန်းခဲ့ပါသည်။ ထို့အပြင် ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါ်နန်းလိုင်းခမ်း၏ ဦးဆောင်မှုဖြင့် ရေပေးဝေမှုများ ပိုမိုထိရောက်စွာလှူဒါန်းနိုင်ရန်အတွက် နိုင်ငံတစ်ဝန်းရှိ ပရဟိတအဖွဲ့အစည်း အသီးသီးသို့ ရေသယ်ယာဉ်အသစ် စုစုပေါင်း (၄၂) စီးပေးအပ်လှူဒါန်းခဲ့ပြီးဖြစ်ပါသည်။

ဖောင်ဒေးရှင်းသည် ရေရှားပါးသောဒေသများတွင် ရေပေးဝေလှူဒါန်းမှုများအပြင် နိုင်ငံအနှံ့ စက်ရေတွင်းပေါင်း (၂၀၄) တွင်းတူးဖော်ခဲ့ပြီး (၁၅၄) တွင်းကို အောင်မြင်စွာတူးဖော်လှူဒါန်းပေးနိုင်ခဲ့ပါသည်။ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာ ဖောင်ဒေးရှင်းသည် တစ်ချိန်တည်းမှာပင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ရှိ မေတ္တာရှင်ကုသိုလ်ဖြစ်အခမဲ့ဆေးရုံတွင်လည်း စက်ရေတွင်းတူးဖော်ပေးလျှက်ရှိပါသည်။