ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြု ဖွံ့ဖြိုးရေးအသင်းသို့ ရေသယ်ယာဉ် အသစ်တစ်စီး လှူဒါန်း။

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြုဖွံ့ဖြိုးရေးအသင်း (EMERGENCY RESCUE AND SOCIAL SUPPORT DEVELOPMENT ORGANIZATION) ရန်ကုန် သို့ ယနေ့ မေလ ၁၂ ရက်နေ့တွင် ရေဂါလံ (၃၀၀၀) ဆံ့ ရေသယ်ယာဉ်အသစ် တစ်စီးလှူဒါန်းခဲ့ပါသည်။

အဆိုပါရေသယ်ယာဉ်အသစ်ကို ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းကိုယ်စား ဖောင်ဒေးရှင်း တာဝန်ရှိသူများဖြစ်သည့် ဦးအောင်ကျော်စိုး၊ ဒေါ်ခိုင်မာထွေးနှင့် ဒေါ်ခင်မြင့်ဝေတို့က ပေးအပ်လှူဒါန်းခဲ့ပြီး အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြုဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ဦးဇွဲရန်နိုင်မှ လက်ခံရယူခဲ့ပါသည်။

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းသည် ၂၀၁၆ ခုနှစ်အတွင်း ရေသယ်ယာဉ်အသစ် (၄၄) စီးကိုဝယ်ယူခဲ့ပြီး နိုင်ငံတစ်ဝှမ်းရှိ သောက်သုံးရေရှားပါးမှုအခက်အခဲနှင့် ကြုံတွေ့နေရသော ဒေသများအရောက် ရေဂါလံပေါင်းသန်းချီ၍ လှူဒါန်းခဲ့ပါသည်။ ထို့အပြင် ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါ်နန်းလိုင်းခမ်း၏ ဦးဆောင်မှုဖြင့် ရေပေးဝေမှုများ ပိုမိုထိရောက်စွာလှူဒါန်းနိုင်ရန်အတွက် နိုင်ငံတစ်ဝန်းရှိ ပရဟိတအဖွဲ့အစည်းအသီးသီးသို့ ရေသယ်ယာဉ်အသစ် စုစုပေါင်း (၃၉) စီးပေးအပ်လှူဒါန်းခဲ့ပြီးဖြစ်ပါသည်။

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းသည် ရေရှားပါးသောဒေသများတွင် ရေပေးဝေလှူဒါန်းမှုများအပြင် စက်ရေတွင်းတူးဖော်လှူဒါန်းမှုများကိုလည်း ပြုလုပ်လျှက်ရှိရာ နိုင်ငံအနှံ့ စက်ရေတွင်းပေါင်း (၂၀၄) တွင်းတူးဖော်ခဲ့ပြီး (၁၅၄) တွင်းကို အောင်မြင်စွာတူးဖော်လှူဒါန်းပေးနိုင်ခဲ့ပါသည်။ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းသည် တစ်ချိန်တည်းမှာပင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ရှိ မေတ္တာရှင်ကုသိုလ်ဖြစ်အခမဲ့ဆေးရုံတွင်လည်း စက်ရေတွင်းတူးဖော်ပေးလျှက်ရှိပါသည်။