ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ သီတဂူဗုဒ္ဓတက္ကသိုလ်သို့ ဂါလံ ၃၀၀၀ ဆံ့ ရေသယ်ယာဉ် အသစ်တစ်စီး ထပ်မံလှူဒါန်း။


‘ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်သို့ ရေဂါလံ ၃၀၀၀ ဆံ့ ရေသယ်ယာဉ်အသစ် တစ်စီးလှူဒါန်းစဉ်’

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ သီတဂူဗုဒ္ဓတက္ကသိုလ်သို့ ဂါလံ (၃၀၀၀) ဆံ့ ရေသယ်ယာဉ် အသစ်တစ်စီးကို မတ်လ ၃၁ ရက်နေ့ (ယနေ့) တွင် လှူဒါန်းခဲ့ပါသည်။

အဆိုပါ ဂါလံ (၃၀၀၀) ဆံ့ရေသယ်ယာဉ်အား ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း ကိုယ်စား ဖောင်ဒေးရှင်းတာဝန်ရှိသူ ဦးတင်ထွန်းမှ သီတဂူ ဗုဒ္ဓတက္ကသိုလ်သို့ သွားရောက်လှူဒါန်းခဲ့ပါသည်။ ယခုလှူဒါန်းခဲ့သော ရေသယ်ယာဉ်ဖြင့် သီတဂူဗုဒ္ဓတက္ကသိုလ်နှင့် သီတဂူပရဝုဏ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ တရားစခန်းများ အပြင် သောက်သုံးရေရှားပါးခက်ခဲသည့် မြို့ပေါ်နေရာများနှင့် ရပ်ကွက်ကျေးရွာများကိုပါ ရေဖြန့်ဝေလှူဒါန်းသွားမည် ဖြစ်ပါသည်။

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းသည် ၂၀၁၆ ခုနှစ်အတွင်း ရေသယ်ယာဉ် (၄၄)စီးကိုဝယ်ယူခဲ့ပြီး၊ ရေရှားပါးသောဒေသများသို့ ရေဂါလံပေါင်းသန်းချီ၍ ဖြန့်ဝေလှူဒါန်းနိုင်ခဲ့ပါသည်။ ထို့အပြင် ဖောင်ဒေးရှင်းအနေဖြင့် ရေရှားပါးခက်ခဲသောဒေသများရှိ ကျေးရွာများအရာက် ရေများပိုမိုဖြန့်ဝေလှူဒါန်းနိုင်ရန် ရေသယ်ယာဉ် စုစုပေါင်း (၃၄)စီးကို ပေးအပ်လှူဒါန်းခဲ့ပြီးဖြစ်ပါသည်။


‘သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ဆရာတော်များနှင့် BFM တာဝန်ရှိသူများ စုပေါင်းဓာတ်ပုံရိုက်ကူးကြစဉ်’

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းအနေဖြင့် မကွေးမြို့၊ အောင်မြေပရဟိတအသင်း၊ နတ်မောက်မြို့၊ စိတ်ဓါတ်ဖြူစင်ကရုဏာရှင်များ ပရဟိတအသင်း၊ ကျော်သူပရဟိတကွန်ယက်အဖွဲ့၊ ရေနံချောင်းမြို့အဖြူရောင်ပရဟိတအဖွဲ့၊ စစ်ကိုင်းမြို့၊ မြသပိတ်-ဘုံဆွမ်းလောင်းအသင်း၊ ပုသိမ်မြို့ မြို့မရေသန့်အလှူတော်အသင်း၊ မြင်းခြံမြို့ အဖြူရောင်လက်များပရဟိတအသင်း၊ ကူမဲမြို့ မီးသတ်ဌာန၊ ကလေးမြို့ ကလေးလွင်ပြင်လူမှုကူညီရေးအဖွဲ့၊ မြစ်သားမြို့ကလျာဏမိတ္တ လူမှုကူညီရေးအဖွဲ့၊ နွားထိုးကြီး မေတ္တာမွန်လူမှုကူညီရေးအဖွဲ့၊ ကျောက်ဆည်မြို့ ရွှေစေတီဘိုးဘွားရိပ်သာလူမှုကူညီရေးအဖွဲ့၊ ဟားခါးမြို့မိမြို့ဖများအဖွဲ့၊ ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် Eleven Media Group ပရတိတအဖွဲ့များထံသို့ သောက်သုံးရေများ ထိရောက်စွာဖြန့်ဝေပေးနိုင်ရန်အတွက် ရေသယ်ယာဉ်များကို ပေးအပ်လှူဒါန်းထားပါသည်။


‘သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ BFM ဖောင်ဒေးရှင်းသို့ ပြန်လည်ပေးအပ်ခဲ့သည့် ဂုဏ်ပြုမှတ်တမ်းလွှာ’

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း အနေဖြင့် ဖောင်ဒေးရှင်း ဥက္ကဋ္ဌ၏ ဦးဆောင်မှုဖြင့် ရေသယ်ယာဉ်အသစ်လှူဒါန်းမှုများအပြင် မြန်မာပြည်အနှံ့ ရေရှားပါးသောဒေသများနှင့် ရေတွင်းတူးရန် အလွန်ခက်ခဲသော ဒေသများတွင် ခေတ်မီရေတွင်းတူးစက်ကြီးများဖြင့် နေ့ညမနားတူဖေါ်ဆောင်ရွက်လျက်ရှိပြီး စက်ရေတွင်းပေါင်း (၂၀၀) တွင်း တူးဖေါ်လှူဒါန်းပေးခဲ့ရာ ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်တွင် (၁၅၀)တွင်းမြောက် စက်ရေတွင်းကို အောင်မြင်စွာတူးဖေါ်လှူဒါန်း နိုင်ခဲ့ပါသည်။ ယခုနွေရာသီကူးပြောင်းချိန်ကာလအရောက်တွင် မြန်မာနိုင်ငံတစ်ဝှမ်း ရေရှားပါးသောဒေသများ၌ သောက်သုံးရေပိုမိုလိုအပ်လာမည် ဖြစ်သဖြင့် ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းအနေဖြင့် စနစ်တကျ စာရင်းများကောက်ခံ၍ ရေသယ်ယာဉ်များကို ဆက်လက် ပေးအပ်လှူဒါန်းသွားမည်ဖြစ်ပါသည်။