မကွေးနှင့် နတ်မောက်မြို့နယ်များရှိ ရေရှားပါးဒေသများတွင်အသုံးပြုရန် ပရဟိတအသင်း(၂)သင်းသို့ ရေသယ်ယာဉ်အသစ်(၃)စီး ပေးအပ်လှူဒါန်း။



နတ်မောက်မြို့၊ စိတ်ဓါတ်ဖြူစင်ကရုဏာရှင်များ ပရဟိတအသင်းသို့ ရေသယ်ယာဉ် အသစ် ပေးအပ်လှူဒါန်း။
 

မကွေးမြို့၊ အောင်မြေပရဟိတအသင်းသို့ ရေသယ်ယာဉ်အသစ် ပေးအပ်လှူဒါန်းစဉ်။

ရေရှားပါသည့် နေရာဒေသများတွင် အသုံးပြုနိုင်ရန်အတွက် ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ မြန်မာနိုင်ငံအတွင်းရှိ သောက်သုံးရေ ဖြန့်ဝေလှူဒါန်းနေသည့် ပရဟိတအသင်းအချို့ကို ရေသယ်ယာအသစ်များ ပေးအပ်လှူဒါန်းလျှက်ရှိရာ ကျပ်သိန်း(၄၅၀)တန်ဖိုးရှိ ရေဂါလံ(၃၀၀၀)ဆံ့ ရေသယ်ယာဉ်အသစ် (၂)စီးကို မတ်လ (၂၆) ရက်နေ့တွင် မကွေးမြို့၊ အောင်မြေပရဟိတအသင်းသို့လည်းကောင်း၊ ရေသယ်ယာဉ်အသစ် (၁) စီးကို မတ်လ (၂၅) ရက်နေ့တွင် နတ်မောက်မြို့၊ စိတ်ဓါတ်ဖြူစင်ကရုဏာရှင်များ ပရဟိတအသင်းသို့ လည်းကောင်း ပေးအပ်လှူဒါန်းခဲ့ပါသည်။


ကျော်သူပရဟိတကွန်ရက်သို့ ရေသယ်ယာဉ်အသစ် ပေးအပ်လှူဒါန်းစဉ်။

ကရင်ပြည်နယ် အစိုးရအဖွဲ့သို့ ရေသယ်ယာဉ်အသစ် (၅) စီး ပေးအပ်လှူဒါန်းစဉ်။

ထို့အတူ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းသည် ပရဟိတအဖွဲ့အစည်းများဖြစ်သည့် ကျော်သူပရဟိတကွန်ယက်အဖွဲ့၊ ရေနံချောင်းမြို့အဖြူရောင်ပရဟိတအဖွဲ့၊ စစ်ကိုင်းမြို့ မြသပိတ်-ဘုံဆွမ်းလောင်းအသင်း၊ ပုသိမ်မြို့ မြို့မရေသန့်အလှူတော်အသင်းနှင့် မြင်းခြံမြို့ အဖြူရောင်လက်များပရဟိတအသင်းအစရှိသည့် ပရဟိတအဖွဲ့(၅)ဖွဲ့သို့ ၂၀၁၇ ခုနှစ်၊ မတ်လအတွင်းက ကျပ်သိန်း(၄၅၀)တန်ဖိုးရှိ ရေဂါလံ(၃၀၀၀)ဆံ့ ရေသယ်ယာဉ်အသစ်တစ်စီးစီ ပေးအပ်လှူဒါန်းခဲ့ပါသည်။


ရေသယ်ယာဉ် အသစ် ပေးအပ်လှူဒါန်းမှုနှင့် ပတ်သက်၍ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ တာဝန်ရှိသူ ဦးတင်ထွန်း (ဒုတိယအုပ်ချုပ်မှုဒါရိုက်တာ၊ ကမ္ဘောဇဘဏ်) မှ ရှင်းလင်းပြောကြားစဉ်။

မြင်းခြံမြို့ အဖြူရောင်လက်များပရဟိတအသင်းသို့ ရေသယ်ယာဉ်အသစ် ပေးအပ်လှူဒါန်းစဉ်။

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းသည် မြန်မာနိုင်ငံအတွင်း ရေလိုအပ်နေသည့် ဒေသများတွင် သန့်စင်သော သောက်သုံးရေများလှူဒါန်းနိုင်ရန်အတွက် ၂၀၁၆ ခုနှစ်အတွင်း ရေသယ်ယာဉ် (၄၄) စီးကိုဝယ်ယူခဲ့ပြီး ရေရှားပါးသောဒေသများသို့ ရေဂါလံပေါင်းသန်းချီ၍ ဖြန့်ဝေလှူဒါန်းနိုင်ခဲ့ပါသည်။

ရေနံချောင်းမြို့အဖြူရောင်ပရဟိတအဖွဲ့သို့ ရေသယ်ယာဉ်အသစ် ပေးအပ်လှူဒါန်းစဉ်။

ထို့အပြင် ရေလှူဒါန်းမှုများ ပိုမိုထိရောက်စွာပြုလုပ်နိုင်ရန်အတွက် ကူမဲမြို့ မီးသတ်ဌာနသို့ (၁)စီး၊ ကလေးမြို့ ကလေးလွင်ပြင်လူမှုကူညီရေးအဖွဲ့သို့(၁)စီး၊ မြစ်သားမြို့ ကလျာဏမိတ္တလူမှုကူညီရေးအဖွဲ့သို့(၁)စီး၊ နွားထိုးကြီး မေတ္တာမွန်လူမှုကူညီရေးအဖွဲ့သို့(၁)စီး၊ ကျောက်ဆည်မြို့ ရွှေစေတီဘိုးဘွားရိပ်သာလူမှုကူညီရေးအဖွဲ့သို့(၁)စီး၊ ဟားခါးမြို့မိမြို့ဖများအဖွဲ့သို့(၂)စီး၊ ကရင်ပြည်နယ် အစိုးရအဖွဲ့သို့ (၅)စီး နှင့် Eleven Media Group ပရတိတအဖွဲ့သို့(၁)စီး စုစုပေါင်း ရေသယ်ယာဉ်အသစ် (၁၃)စီးလှူဒါန်းခဲ့ပြီး ဖြစ်ပါသည်။ ယခုနှစ် မတ်လအတွင်း ရေသယ်ယာဉ်များ ထပ်မံလှူဒါန်းမှုများကြောင့် ကမ္ဘောဇ အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းအနေဖြင့် နိုင်ငံတစ်ဝှမ်းရှိ ပရဟိတအဖွဲ့အစည်းအသီးသီးသို့ ရေသယ်ယာဉ်အသစ်စုစုပေါင်း(၂၁)စီး လှူဒါန်းခဲ့ပြီး ဖြစ်ပါသည်။

ဟားခါးမြို့မိမြို့ဖများအဖွဲ့သို့ ရေသယ်ယာဉ်အသစ်နှစ်စီး ပေးအပ်လှူဒါန်းစဉ်။

ယခုနွေရာသီကူးပြောင်းချိန်ကာလတွင် မြန်မာနိုင်ငံတစ်ဝှမ်း ရေရှားပါးသောဒေသများတွင် သောက်သုံးရေပိုမိုလိုအပ်လာမည် ဖြစ်သဖြင့် ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းအနေဖြင့် အခြားလိုအပ်သော ပရဟိတအဖွဲ့ အသီးသီးသို့လည်း စနစ်တကျ စာရင်းများကောက်ခံ၍ ရေသယ်ယာဉ်များကို ဆက်လက် ပေးအပ်လှူဒါန်းသွားမည်ဖြစ်ပါသည်။


နွားထိုးကြီး မေတ္တာမွန်လူမှုကူညီရေးအဖွဲ့သို့ ရေသယ်ယာဉ်အသစ် ပေးအပ်လှူဒါန်းစဉ်။

ကလေးမြို့ ကလေးလွင်ပြင်လူမှုကူညီရေးအဖွဲ့သို့ ရေသယ်ယာဉ်အသစ် ပေးအပ်လှူဒါန်းစဉ်။

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းသည် မြန်မာပြည်အနှံ့ ရေရှားပါးသောဒေသများနှင့် ရေတွင်းတူးရန် အလွန်ခက်ခဲသော ဒေသများတွင် ခေတ်မီရေတွင်းတူးစက်ကြီးများဖြင့် စက်ရေတွင်းပေါင်း (၁၉၇) တွင်း တူးဖေါ်လှူဒါန်းပေးခဲ့ရာ မတ်လ(၂၁)ရက်နေ့က ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် (၁၄၉)တွင်းမြောက် စက်ရေတွင်းကို အောင်မြင်စွာ တူးဖေါ်လှူဒါန်းနိုင်ခဲ့ပါသည်။ တစ်ပြိုင်တည်းမှာပင် တောင်ကြီးမြို့၊ ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်၊ သာမိုင်းခမ်းရွာနှင့် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ကျောက်ဖျာဒိုးကျေးရွာရှိ ဖါးအောက်တောရဓမ္မရိပ်သာတို့တွင်လည်း စက်ရေတွင်းတူးစက်ကြီးများနှင့် တစ်ပြိုင်နက်တည်း ဆက်လက်တူးဖေါ်လှူဒါန်းပေးလျက်ရှိပါသည်။


မြစ်သားမြို့ ကလျာဏမိတ္တလူမှုကူညီရေးအဖွဲ့သို့ ရေသယ်ယာဉ်အသစ် ပေးအပ်လှူဒါန်းစဉ်။


Eleven Media Group ပရတိတအဖွဲ့သို့ ရေသယ်ယာဉ် ပေးအပ်လှူဒါန်းစဉ်။


စစ်ကိုင်းမြို့ မြသပိတ်-ဘုံဆွမ်းလောင်းအသင်း ရေသယ်ယာဉ်အသစ် ပေးအပ်လှူဒါန်းစဉ်။


ပုသိမ်မြို့ မြို့မရေသန့်အလှူတော်အသင်းသို့ ရေသယ်ယာဉ်အသစ် ပေးအပ်လှူဒါန်းစဉ်။

သောက်သုံးရေရှားပါးသော နေရာဒေသများသို့ ပေးအပ်လှူဒါန်းရန်အတွက် ဝယ်ယူထားသည့် ရေသယ်ယာဉ်အသစ်များကိုတွေ့ရစဉ်။

၂၀၀၇ ခုနှစ် နာဂစ်မုန်တိုင်းကာလတွင် စတင်တည်ထောင်ခဲ့သော ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းသည် ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါ်နန်းလိုင်းခမ်း၏ ဦးဆောင်မှုဖြင့် ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး၊ ဘာသာရေးနှင့် သဘာဝဘေးအန္တရာယ်ကာကွယ်ရေး စသည့်ကဏ္ဍပေါင်းစုံတွင် ကျပ်ငွေ(၁၁၄)ဘီလီယံကျော်ကို နိုင်ငံတော်နှင့် ပြည်သူအတွက် လှူဒါန်းခဲ့ပြီးဖြစ်ပါသည်။