ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်၊ သာမိုင်းခမ်းရွာ၌ တူးဖေါ်လှူဒါန်းပေးသော စက်ရေတွင်း ရေအောင်ပြန်ပြီ။

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖေါင်ဒေးရှင်း(BFM)သည် မြန်မာပြည်တစ်ဝှမ်း ရေရှားပါးသောဒေသများတွင် တောင်ပေါ်မြေပြန့်မခွဲခြားဘဲ ရေတွင်းတူးစက်ကြီးများဖြင့် ၂၀၁၄ခုနှစ်၊ မတ်လမှ စတင်ကာ ယနေ့တိုင် တူးဖေါ်လှူဒါန်း ပေးလျက်ရှိပါသည်။

မြန်မာပြည်တစ်ဝှန်း တူးဖေါ်လှူဒါန်းပေးခဲ့သည့် စက်ရေတွင်းပေါင်း (၁၉၇)တွင်းရှိပြီး ဒေသခံပြည်သူများအတွက် သောက်သုံးရေ ဖူလုံစေသည့် ရေထွက်တွင်းပေါင်းမှာ ယခု တူးဖေါ်အောင်မြင်သည့် ကလောမြို့နယ်၊ သာမိုင်းခမ်းရွာ စက်ရေတွင်း အပါအဝင် (၁၄၈)တွင်းရှိပြီဖြစ်ပါသည်။

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖေါင်ဒေးရှင်း(BFM) အနေဖြင့် သာမိုင်းခမ်းရွာ မွေတော်ဘုန်းတော်ကြီးကျောင်းတွင် စက်ရေတွင်းတူးဖော်ခဲ့စဉ်က ရေမအောင်ခဲ့သော်လည်း သာမိုင်းခမ်းရွာတွင် ရေအောင်ရမည်ဟူသော ရည်မှန်းချက်ဖြင့် ထပ်မံ၍ စက်ရေတွင်း(၁)တွင်းကို အင်္ဂလန်နိုင်ငံလုပ် ရေတွင်းတူးစက်ကြီးဖြင့် (၁၇.၃.၂၀၁၇)ရက်နေ့က စတင်တူးဖေါ်ပေးခဲ့ရာ(၁၉.၃.၂၀၁၇)ရက်နေ့ အနက်ပေ(၃၀၀)အရောက်တွင် တစ်နာရီ ရေ(၃၀၀၀)ဂါလံနှုန်း ထွက်ရှိအောင်မြင်ပြီဖြစ်ပါသည်။ ထိုကဲ့သို့ရေအောင်မြင်သဖြင့် သာမိုင်းခမ်းရွာနှင့် ကုန်းသာရွာ ဓနု၊ တောင်ရိုးနှင့် ပအိုဝ်းတိုင်းရင်းသား များအဖို့သောက်သုံးရေနှင့် ပတ်သက်၍ စိတ်အေးရပြီဖြစ်ပါသည်။

သာမိုင်းခမ်းရွာတွင် ယခုစက်ရေတွင်းတူးဖေါ်အောင်မြင်မှုမှာ ကလောမြို့နယ်၌ တူးဖေါ်ပေးသည့် စက်ရေတွင်း(၁၂)တွင်း အနက်(၉)တွင်းမြောက် ရေအောင်တွင်းလည်းဖြစ်ပါသည်။

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖေါင်ဒေးရှင်း (BFM)သည် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ဗုဒ္ဓတက္ကသိုလ်၊ လွိုင်လင်ခရိုင်ပြည်သူ့ဆေးရုံနှင့် မန္တလေးတိုင်းဒေသကြီး၊ပြင်ဦးလွင်မြိုု့နယ်၊ ကျောက်ဖျာဒိုးကျေးရွာ၊ ဖါးအောက်တောရ ဓမ္မရိပ်သာတို့၌လည်း စက်ရေတွင်းများ တစ်ပြိုင်နက်တည်း တူးဖော်လှူဒါန်းပေးလျက်ရှိပါသည်။