နှစ်(၇၀)ပြည့် ပြည်ထောင်စုနေ့နှင့် (၁၀၂)နှစ်မြောက်ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ စည်ကားစွာ ကျင်းပနိုင်ရေးအတွက် BFM မှ ကျပ် သိန်း (၆၀၀) လှူဒါန်း

နှစ်(၇၀)ပြည့်၊ ပြည်ထောင်စုနေ့နှင့် (၁၀၂)နှစ်မြောက် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပ သွားမည်ဖြစ်ရာ အဆိုပါ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် “ကမ္ဘောဇအနာဂတ် အလင်းတန်း မြန်မာဖောင်ဒေးရှင်း(BFM)” က လှူဒါန်းငွေ ကျပ်သိန်း(၆၀၀) ကို ရှမ်းပြည်နယ် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်နှင့် ပင်လုံညီလာခံကျင်းပရေး တာဝန်ရှိသူများထံ ဖောင်ဒေးရှင်း တာဝန်ရှိသူများက ဇန်နဝါရီလ (၁၆) ရက်နေ့တွင် ပေးအပ်လှူဒါန်းခဲ့သည်။
“ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း(BFM)” ဥက္ကဌ ဒေါ်နန်းလိုင်းခမ်း၏ ဦးဆောင်မှုဖြင့် ဖောင်ဒေးရှင်းသည် မြန်မာပြည်အနှံ့အပြား၌ ပြည်သူများအတွက် ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး၊ ဘာသာရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး စသည်ဖြင့် ကဏ္ဍစုံ တွင် လူအားငွေအားဖြင့် တက်ကြွစွာ ပံ့ပိုးကူညီလှူဒါန်းလျှက်ရှိသည်။

ရှမ်းပြည်နယ်တစ်ဝှမ်းလုံး၌ သောက်သုံးရေရှားပါးသော နေရာဒေသများတွင် သန့်ရှင်းသော သောက်သုံးရေရရှိရေးအတွက် စက်ရေတွင်းများ တူးဖေါ်လှူဒါန်းခြင်း၊ ရေတွင်းရေကန် များပြန်လည်တူးဖေါ်တည်ဆောက်ပေးခြင်း၊ ရေသယ်ယာဉ်များလှူဒါန်းခြင်း၊ ဇီဝိတဒါန သံဃာ့ဆေးရုံလှူဒါန်းခြင်းနှင့် အေးသာယာအခမဲ့ဆေးခန်းဖွင့်လှစ်၍ ပြည်သူများအား အခမဲ့ ဆေးဝါးကုသပေးခဲ့ခြင်း၊ ရှမ်းပြည်တောင်ပိုင်း ခိုလန်မြို့တွင် ကုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံ၊ ကျိုင်းခမ်းမြို့နှင့် ဘော်ဆိုင်းမြို့တွင် (၁၆) ကုတင်ဆံ့ ပြည်သူ့ဆေးရုံများ ဆောက်လုပ်လှူဒါန်းခြင်း၊ တောင်ကြီးဗုဒ္ဓတက္ကသိုလ် ဆောက်လုပ်လှူဒါန်းခြင်း၊ အားကစားနှင့် လူမှုရေး အဆောက်အအုံများ ဆောက်လုပ်လှူဒါန်းပေးခြင်း၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မြောက်ပိုင်းနှင့် တောင်ပိုင်းရှိ စစ်ရှောင်စခန်းများမှ စစ်ရှောင်ပြည်သူများနှင့် အအေးလွန်ကဲသောဒေသများမှ ပြည်သူများအတွက် ခေါင်းစွပ်ပါ အနွေးထည်များ၊ စောင်များနှင့် အစားအသောက်များ လှူဒါန်း ပေးခြင်း၊ ရှမ်းပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော မီးဘေးအန္တရာယ် ကျရောက်မှုများတွင် အချိန်နှင့် တစ်ပြေးညီ ကူညီလှူဒါန်းပေးခြင်း၊ ရှမ်းပြည်နယ်တွင်း သဘာဝဘေးအန္တရယ် ကြိုတင် တားဆီး ကာကွယ် ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေများ ပေးအပ်လှူဒါန်းခြင်း၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးအတွက် သစ်ပင်များ စိုက်ပျိုး ပေးခြင်းတို့ကို စေတနာ သဒ္ဓါတရားထက်သန်စွာ စဉ်ဆက်မပြတ် ကူညီလှူဒါန်းပေးလျက်ရှိပါသည်။