တောင်ကြီးမြို့ ဝေဠုဝန်ဘုန်းကြီးကျောင်းတွင် ရေအောင်ပြီ

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း(BFM) သည် မြန်မာနိုင်ငံ နေရာဒေသအနှံ့အပြား ရေရှားပါးသောနေရာဒေသများ၌ ရေတွင်းတူးစက်ကြီးများဖြင့် စက်ရေတွင်းများတူးဖော်လှူဒါန်းလျက်ရှိရာ တောင်ကြီးမြို့၊ ဝေဠုဝန်ဘုန်းကြီးကျောင်းတွင် တူးဖော်လျက်ရှိသော စက်ရေတွင်းသည် ယနေ့ ( သြဂုတ်လ ၃၁ ရက်နေ့) တွင် အနက်ပေ (၄၁၅) သို့ အရောက် တစ်နာရီရေဂါလံ (၃၅၀၀) နှုန်းဖြင့် ရေအောင်ခဲ့ပြီဖြစ်ပါသည်။

ယခုအောင်မြင်ခဲ့သော ဝေဠုဝန်ဘုန်းကြီးကျောင်းစက်ရေတွင်းမှ ရရှိသောရေကို ကျောင်းနေသံဃာအပါး(၁၄၀)ပါး နှင့်ကျောင်းကြီးစုရပ်ကွက်နေ ပြည်သူများပြည့်စုံဖူလုံစွာဖြင့် သုံးစွဲနိုင်မည်ဖြစ်သည်။

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းအနေဖြင့် စက်ရေတွင်းတူးရန် အလွန်ခက်ခဲသည့်ဒေသများတွင် စက်ရေတွင်းပေါင်း ၁၆၇ တွင်းတူးဖေါ်ခဲ့ပြီး ၁၂၅ တွင်းကို အောင်မြင်စွာ တူးဖေါ်နိုင်ခဲ့ပါသည်။ ထို့အပြင် မတူညီသည့် ဒေသများဖြစ်သည့် ကယားပြည်နယ် ဖရူဆိုမြို့နယ် ထားလဲရွာ၊ တောင်ကြီးခရိုင် ကျောက်တစ်လုံးကြီးမြို့၊ စစ်ကိုင်းမြို့ အမှတ်(၃)ရဲလေ့ကျင့်ရေးသင်တန်းကျောင်း၊သာစည်မြို့နယ် ညောင်ရမ်းဒေသနှင့် ဟဲဟိုးမြို့တို့တွင်လည်း စက်ရေတွင်းတူးစက်ကြီးများဖြင့် တစ်ပြိုင်နက် ဆက်လက်တူးဖေါ်လှူဒါန်းပေးလျက်ရှိပါသည်။