ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့ရသော ပုဂံမြို့ရှိ ရှေးဟောင်းစေတီများ ပြန်လည်ပြုပြင်ရန်အတွက် BFM မှ အလှူငွေကျပ်သိန်း (၂၀၀၀) လှူဒါန်း

၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၂၄ ရက် ညနေက မြန်မာနိုင်ငံအလယ်ပိုင်းဒေသ (ချောက်မြို့၏ အနောက်ဘက်(၁၂)မိုင်ခန့် အကွာ)ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး (၆.၈) အဆင့်ရှိ အင်အားပြင်းငလျင်တစ်ခုလှုပ်ခတ်ခဲ့ရာ ၎င်းငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီး ခဲ့ရသော ပုဂံမြို့ရှိ ရှေးဟောင်းစေတီများ ပြန်လည်ပြုပြင်ရန်အတွက် ကမ္ဘောဇအနာဂတ် အလင်းတန်းမြန်မာဖောင်ဒေးရှင်း(BFM)မှ အလှူငွေကျပ်သိန်း(၂၀၀၀)ကို ယနေ့ (၂၅.၈ .၂၀၁၆) ရက်နေ့တွင် ဖောင်ဒေးရှင်းကိုယ်စား ကမ္ဘောဇအုပ်စုကုမ္ပဏီလီမိတက် အုပ်ချုပ်မှု ဒါရိုက်တာဦးမိုးဆန်းအောင်၊ ကမ္ဘောဇဘဏ်လီမိတက် အထက်မြန်မာပြည်တာဝန်ခံ ဒုတိယ အုပ်ချုပ်မှုဒါရိုက်တာ ဦးတင်ထွန်းနှင့် ဖောင်ဒေးရှင်းတာဝန်ရှိသူများမှ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ထံ ပေးအပ်လှူဒါန်းခဲ့ပါသည်။

ယခုငလျင်လှုပ်ခတ်မှုအား မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင်ပါ ခံစားခဲ့ရပြီး၊ ပုဂံမြို့တွင် ဓမ္မရံကြီးစေတီ၊ ထီးလိုမင်းလိုစေတီ အပါအဝင် ရှေးဟောင်းစေတီပုထိုးများ ပြိုကျပျက်စီးခဲ့သည်။

photo credit: The Irrawaddy – Burmese Edition