နာဂဒေသသို့ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း (BFM) မှ ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်လှူဒါန်း

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း(BFM)သည် နိုင်ငံအဝှမ်း ဘာသာရေး၊ ပညာ ရေး၊ ကျန်းမာရေး၊ လူမှုရေး၊ အားကစားနှင့်ဒေသဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံအတွင်း သဘာဝဘေး အန္တရာယ်ကြိုတင်ကာကွယ်တားဆီးရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။
သြဂုတ်လ(၁၈)ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ လဟယ်မြို့၊ နာဂကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသသို့ လှူဒါန်းငွေကျပ် သိန်း(၅၀၀) အပါအဝင် စုစုပေါင်း တန်ဖိုးငွေကျပ်သိန်း(၁၃၀၀)ကျော် တန်ဖိုးရှိ ကလေး/လူကြီးဝတ် ခေါင်းစွပ်ပါ အနွေးထည် (၃၅၀၀)၊ အိမ်ထောင်စု(၂၀၀၀)စုအတွက် ပစ္စည်း (၉)မျိုးပါ စားနပ်ရိက္ခာထုပ်(၂၀၀၀)နှင့် PEP နို့မှုန့်အထုပ် (၂၀)ပါ ပါကင်ထုပ်(၃၅၀၀)တို့ကို ဖောင်ဒေးရှင်း ဥက္ကဌဒေါ်နန်းလိုင်းခမ်း၏ စီစဉ်မှှုဖြင့် ဖောင်ဒေးရှင်းမှ တာဝန်ရှိသူ ကမ္ဘောဇဘဏ်လီမိတက်၊ ဒုတိယ အုပ်ချုပ်မှုဒါရိုက်တာ ဦးတင်ထွန်းက စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ထံ ကိုယ်တိုင် သွားရောက် လှူဒါန်းခဲ့သည်။

ဖောင်ဒေးရှင်း (BFM) သည် မြန်မာနိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ကြိုတင်ကာကွယ်နိုင်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးကိစ္စများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန် ၂၀၁၆-ခုနှစ် ဇွန်လမှစ၍ ယနေ့အထိ ပြည်နယ်နှင့် တိုင်းဒေသကြီး (၁၂) ခု အစိုးရအဖွဲ့ ဝန်ကြီးချုပ်များထံသို့ ဖောင်ဒေးရှင်းတာဝန်ရှိသူများကိုယ်တိုင် သွားရောက်၍ ပြည်နယ်နှင့် တိုင်းဒေသကြီး တစ်ခုလျှင် ငွေကျပ်သိန်း (၁၀၀၀)စီဖြင့် စုစုပေါင်း ငွေကျပ် သိန်းပေါင်း (၁၂၀၀၀) ကို လှူဒါန်းခဲ့ပြီးဖြစ်သည်။

ထို့ပြင် မိုးလေဝသပညာရှင်များမှ လာမည့်ဆောင်းရာသီတွင် လာနီညာရာသီဥတု ဖြစ်ပေါ်ကာ အအေး လွန်ကဲနိုင်ကြောင်း သတင်းထုတ်ပြန်ချက်များအရ ယခုနှစ် ဆောင်းရာသီတွင် လာနီညာရာသီဥတု ဖြစ်ပေါ်လာ ပါက အအေးဒဏ်လွန်ကဲမှု ပိုမိုခံရနိုင်သည့် ဒေသများရှိ တိုက်ပွဲရှောင်စခန်းများမှ တိုင်းရင်းသားပြည်သူများ အတွက် အအေးဒဏ်ကာကွယ်နိုင်ရန် အမေရိကန်ဒေါ်လာ ၂ သန်းကျော်တန်ဘိုးရှိ ခေါင်းစွပ်ပါအနွေးထည် တစ်သိန်းလေးသောင်းကို ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ၏ စီစဉ်ညွှန်ကြားမှုဖြင့် ဆောင်းရာသီအမှီ ကြိုတင် ပို့ဆောင် လှူဒါန်းလျှက်ရှိသည်။

ဖောင်ဒေးရှင်းသည် မြန်မာနိုင်ငံဒေသအချို့တွင် ရေကြီးရေလျှံမှုများ ဆက်တိုက်ဖြစ်ပေါ်မှုကြောင့် ရေဘေးဒုက္ခကြုံတွေ့နေသည့် ဒေသများရှိ ရေဘေးသင့်ပြည်သူများအတွက် ဆန်၊ သောက်သုံးရေသန့်နှင့် ထမင်းဘူးများများကို ရေဝင်နစ်မြုပ်နေသည့် ရပ်ကွက်၊ ကျေးရွာများထိ သွားရောက်၍ အဆိုပါဒေသများရှိ ဒေသခံပြည်သူများနှင့် ကမ္ဘောဇဘဏ်လီမိတက်ဘဏ်ခွဲများမှ အရာထမ်း၊ ဝန်ထမ်း BFM အဖွဲ့ဝင်များ ပူးပေါင်းပြီး နေ့စဉ် ထမင်းဘူးများကို အဆက်မပြတ် ဖြန့်ဝေလှူဒါန်းလျက်ရှိသည်။

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း(BFM)သည် စတင်ဖွဲ့စည်းခဲ့သည့် အချိန်မှစ၍ ဘာသာရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ အားကစားနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး နှင့် သဘာ၀ ဘေးအန္တရာယ် အမျိုးမျိုးကျရောက်ခဲ့သည့်နေရာများရှိ ပြည်သူများအတွက် စုစုပေါင်းကျပ်ငွေ (၁၀၇)ဘီလီယံ ကျော်ကို တိုင်းပြည်နှင့် ပြည်သူအကျိုးပြု လှူဒါန်းခဲ့ပြီးဖြစ်ပါသည်။