SMILE ASIA နှင့် ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း (BFM) ပူးပေါင်း၍ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာရှင် ကလေးငယ် ၁၇၀ ဦးခန့်ကို အခမဲ့ ခွဲစိတ်ကုသ

Smile Asia နှင့် ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း (BFM) ပူးပေါင်း၍ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာရှင် ကလေးငယ် ၁၇၀   ဦးခန့်ကို အခမဲ့ ခွဲစိတ်ကုသ

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကြီးမှူး၍ Smile Asia နှင့် ကမ္ဘောဇ အနာဂတ်အလင်းတန်းမြန်မာ ဖောင်ဒေးရှင်းတို့ပူးပေါင်းဆောင်ရွက်သည့် Eight-Day Cleft Free Myanmar Initiative စတင်သည့် အခမ်းအနားကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး Training Center တွင် သြဂုတ်လ ၁၄ ရက်နေ့က ကျင်းပခဲ့ပါသည်။
Eight-Day Cleft Free Myanmar Initiative သည် ၁၃.၈.၂၀၁၆ မှ ၂၀.၈.၂၀၁၆ အတွင်း မြန်မာနိုင်ငံအနှံ့အပြားမှ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာရှင် ကလေးငယ် ၁၇၀ ဦးခန့်ကို စနစ်တကျ စမ်းသပ်စစ်ဆေး၍ အခမဲ့ခွဲစိတ်ကုသသွားမည့် အစီအစဉ်ဖြစ်ပါသည်။ ခွဲစိတ်မှုများကိုကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကြီးမှူး၍ Smile Asia နှင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ကျွမ်းကျင်သည့် ဆရာဝန်ကြီးများ၊ သူနာပြုများနှင့် ဆေးဘက်ဆိုင်ရာ ပညာရှင်များမှ ပြုလုပ်သွားမည် ဖြစ်ပါသည်။

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း (BFM) အနေဖြင့် နိုင်ငံအနှံ့မှ ကုသမှုခံယူမည့် လူနာများ၏ စာရင်းများကောက်ယူခြင်း၊ လူနာနှင့် မိသားစုအတွက် အသွားအပြန်ခရီးစရိတ်များ တာဝန်ယူပံ့ပိုးခြင်း၊ လူနာများနှင့် မိသားစုဝင်များအတွက် နေထိုင်စားသောက်ရေးများ အခမဲ့ စီစဉ်ပေးခြင်း၊ ကုသမှုခံယူနေချိန်အတွင်း သွားရေးလာရေးအစဉ်ပြေချောမွေ့စေရန် ယာဉ်များ စီစဉ်ပေးခြင်းနှင့် ကမ္ဘောဇအုပ်စုမှ ဝန်ထမ်းများ၊ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း (BFM) အဖွဲ့ဝင်များ၊ မိတ်ဆွေ သူငယ်ချင်းများမှ လုပ်အားဒါန ပြုခြင်းတို့ကိုတာဝန်ယူ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ယခုအစီအစဉ်အတွက် မြန်မာနိုင်ငံအနှံ့အပြားမှ ကလေးငယ်ပေါင်း (၁၇၀) ဦးခန့်မှ ကုသမှုခံယူရန် စာရင်းပေးသွင်းမှုကို လက်ခံရရှိထားပြီး ၎င်းတို့အားလုံး ကုသမှုခံယူရန် ရန်ကုန်မြို့သို့ ရောက်ရှိနေပြီဖြစ်ပါသည်။ အဆိုပါကလေးငယ်များထဲမှ ကျန်းမာရေးစစ်ဆေး၍ ခွဲစိတ်ရန်သင့်တော်သည့် ကလေးငယ်များကို ရွေးချယ်ကာ စနစ်တကျ ခွဲစိတ်ကုသပေးသွားမည် ဖြစ်ပါသည်။ Smile Asia သည် မြန်မာနိုင်ငံတွင် 

၂၀၁၀ ခုနှစ်မှ စတင်ကာ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာရှင်များကိုနှစ်စဉ် ကုသခဲ့ပြီး ၈၂၂ ဦးကို စမ်းသပ်စစ်ဆေး၍ ၅၃၆ ဦးကို လှပတဲ့ အပြုံးတွေပိုင်ဆိုင်ဖို့ ကူညီပေးနိုင်ခဲ့ပါသည်။ Smile Asia ၏ Founder ဖြစ်သည့် Dr. VINCENT YEOW က “Eight-Day Cleft Free Myanmar Initiative အစီအစဉ်အတွက် မြန်မာနိုင်ငံက ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း (BFM) နှင့် ပူးပေါင်းဆောင်ရွက်ရတဲ့ အတွက် အရမ်းကိုပျော်ရွှင်မိပါတယ်။ အခုနှစ်အစီအစဉ်မှာအနည်းဆုံး လူပေါင်း ၁၀၀ ရဲ့ လှပတဲ့ အပြုံးသစ်တွေ မြင်ရဖို့ ကျွန်တော်တို့ ကြိုးစားသွားမှာဖြစ်ပါတယ်” ဟု ယခုအစီအစဉ်အတွက်ယုံကြည်မှုအပြည့်ဖြင့် ပြောကြားခဲ့ပါသည်။