ကမ္ဘောဇ အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့တွင် ပူးပေါင်းပါဝင်။

Image may contain: 1 person

ကမ္ဘောဇ အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းသည် လူမှုရေး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီက ကြီးမှူ းကျင်းပသည့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ (International Women's Day) အခမ်းအနားတွင် ပူးပေါင်းပါဝင်ခဲ့ပါသည်။

အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ (International Women's Day) အခမ်းအနားကို ၈.၃.၂၀၁၈နေ့တွင် နေပြည်တော်ရှိ MICC2တွင် ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ လူမှုရေး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဌာနအသီးသီးမှ ဝန်ကြီးများနှင့်ဇနီးများ၊ အမျိုးသမီးများဆိုင်ရာ ပြည်တွင်းပြည်ပအဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများ၊ UNဆိုင်ရာ အဖွဲ့အစည်းများ၊ သံတမန်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။

Image may contain: 11 people, people smiling

အခမ်းအနား၏ အစီအစဉ်ပထမပိုင်းတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဖွင့်အမှာစကားပြောကြားပြီး၊ အုပ်စုလိုက်ဓာတ်ပုံရိုက်ကူးကာ၊ ဓာတ်ပုံပြခန်းကို လှည့်လည်ကြည့်ရှုပါသည်။ အစီအစဉ် ဒုတိယပိုင်းတွင် လူမှုရေး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးမှ အမျိုးသမီးများအတွက် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဆောင်ရွက်နေမှု အစီအစဉ်အား ရှင်းလင်းပြောကြားပါသည်။ ၎င်းနောက် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးမှ ပေးပို့လိုက်သည့် သဝဏ်လွှာကို ဖတ်ကြားပြီး။ ကလေးသူငယ်များဆိုင်ရာအကြမ်းဖက်မှု ပပျောက်ရေး ပညာပေးဇာတ်ကားတိုအား ပြသခဲ့ပြီး အခမ်းအနား ပြီးဆုံးခဲ့ပါသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အခမ်းအနားတွင် မိန့်ခွန်းပြောကြားခဲ့ရာ၊ 'ပုခက်လွှဲတဲ့လက်တွေဟာ ကမ္ဘာကို ကိုင်လှုပ်နိုင်တယ်တဲ့။ ကျွန်မတို့ အမျိုးသမီးများရဲ့လက်တွေဟာ ကမ္ဘာကို ကိုင်လှုပ်နိုင်ဖို့ထက်၊ ကမ္ဘာကို ပင့်မထားနိုင်ဖို့ အထူးလိုအပ်ပါတယ်။ ဒါ့အပြင် ကျွန်မတို့ အမျိုးသမီးတွေအပေါ် တန်ဘိုးထားတတ်တဲ့စိတ်ထားတွေ သားသမီးတွေရဲ့ နှလုံးသားထားထဲ ရှင်သန်ကိန်းအောင်းနေအောင် ထည့်ထားပေးဖို့က မိခင်များရဲ့တာဝန်ပါ' ဟု ထည့်သွင်းပြောကြားသွားခဲ့ပါသည်။

Image may contain: 5 people, people smiling, people standing

'အမျိုးသမီးများဘဝ မြှင့်တင်ဖို့။ ကျေးလက်နှင့် မြို့ပြ တက်ကြွလှုပ်ရှားသူများ ပူးပေါင်းလို့၊ ယခုပင်ကြိုးပမ်းကြပါစို့ (Time is now rural and urban activists transforming women's lives) ' ဟူသည့် ယခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ဆောင်ပုဒ်နှင့်အညီ၊ ကမ္ဘောဇဘဏ်၏ အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ ချမှတ်ထားသည့် လုပ်ငန်းစဉ်(၄) ရပ်ထဲမှ တစ်ရပ်အပါအဝင်ဖြစ်သည့် 'အမျိုးသမီးများ၏ စီးပွားရေးဆိုင်ရာ လုပ်ပိုင်ခွင့် မြှင့်တင်ခြင်း'ဟူသည့် လုပ်ငန်းစဉ်အရ၊ ယနေ့ကျင်းပခဲ့သည့် International Women's Day အခမ်းအနားတွင် ကမ္ဘောဇဘဏ်မှ အမျိုးသမီးများနှင့်ကလေးသူငယ်ဆိုင်ရာ လှုပ်ရှားမှုဓာတ်ပုံများအား ပြသခဲ့ပါသည်။

အဆိုပါ ဓာတ်ပုံများတွင် ၂၀၁၇ခုနှစ် မတ်လက အပြည်ပြည်ဆိုင်ရာ အမျိုးသမီးနေ့ကို ဂုဏ်ပြုသောအားဖြင့် လူမှုရေး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ကမ္ဘောဇဘဏ်မှ တာဝန်ယူ ကျင်းပခဲ့သည့် Women's Week လှုပ်ရှားဆောင်ရွက်မှုုများ၊ ကမ္ဘောဇဘဏ် အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း၏ အသေးစားငွေရေးကြေးရေးလုပ်ငန်းမှ အမျိုးသမီးအဖွဲ့ဝင်များအတွက် ကျေးရွာများတွင် ငွေထုတ်ပေးနေမှုများ၊ အမျိုးသမီးများ၏ တနိုင်တပိုင် အိမ်တွင်း တံမြက်စည်းထုတ်လုပ် အလှဆင်သည့် လှုပ်ရှားမှုများ၊ အမျိုးသမီးငယ်များအတွက် သက်မွေးဝမ်းကြောင်း စက်ချုပ်သင်တန်း အခမဲ့ ပို့ချပေးနေမှုများ၊Smile Asia Medical Team နှင့် ပူးပေါင်း၍ မွေးရာပါ နှုတ်ခမ်းကွဲ အာခေါင်ကွဲ ကလေးများအတွက် အခမဲ့ ခွဲစိတ်ကုသပေးနေမှုများ အစရှိသည့် ဓာတ်ပုံများစွာကို ခင်းကျင်းပြသနိုင်ခဲ့ပါသည်။