ဧဒင်မသန်စွမ်းသက်ငယ်များပြုစုရာရိပ်မြုံမှ ဦးဆောင်ကျင်းပသည့် ၂၀၁၈ခုနှစ် အပြည်ပြည် ဆိုင်ရာ မသန်စွမ်းသူများနေ့ အခမ်းအနားတွင် ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ ပါဝင်ခဲ့

၂၀၁၈ခုနှစ် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အခမ်းအနားကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၃) ရက်နေ့က ဧဒင်မသန်စွမ်းသက်ငယ်များပြုစုရာရိပ်မြုံမှ ဦးဆောင်ကာ အမျိုးသားကန်တော်ကြီးဥယျာဉ် (ဗိုလ်ချုပ်ကြေးရုပ်) ၌ ကျင်းပပြုလုပ်ခဲ့ရာ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ ပါဝင် ကူညီပံ့ပိုး ပေးခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ ဧဒင်မသန်စွမ်းသက်ငယ်များပြုစရာရိပ်မြုံမှ ကော်မတီလူကြီးများ၊ လူမှုဝန်ထမ်းဦးစီးဌာနမှအရာထမ်းများ၊ဧဒင်မသန်စွမ်းသက်ငယ်များပြုစရာရိပ်မြုံမှကျောင်းသူ ကျောင်းသား မိဘများနှင့် ဝန်ထမ်းများ၊ ကမ္ဘောဇအနာဂတ်အလင်းတန်း (မြန်မာ) ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများ၊ မီဒီယာများ၊ မိတ်ဖက်အဖွဲ့အစည်း (၁၃) ဖွဲ့မှ အဖွဲ့ဝင်များ၊ မိတ်ဖက်ကျောင်းများဖြစ်သော Starfish Special School ၊ Flowers Special Education& Physiotherapy Centre ၊ Moe Training Centre၊ Ingynn School၊ Success Special School၊ Lumbini Learning Centre အစရှိသော မသန်စွမ်းကျောင်း(၇)ကျောင်းမှ ကျောင်းသားကျောင်းသူများနှင့် မိဘ၊ ဆရာ၊ ဆရာမများ၊ဖိတ်ကြားထား သောဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။


သဝဏ်လွှာ အကျဉ်းချုပ်မှာ  ကမ္ဘာပေါ်ရှိ ၁ဘီလီယံသည် မသန်စွမ်းမှု တစ်မျိုးမျိုးကို ခံစားနေကြ ရပြီး လူ့အဖွဲ့အစည်းမှ မသန်စွမ်းသူများကို နည်းအမျိုးမျိုးဖြင့် ဖယ်ကျဉ်ခြင်းကို ကြုံတွေ့နေကြပါသည်။ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ၂၀၃၀ အစီစဉ်၏ မည်သူမျှ နောက်မကျန်ရစ်စေရေး မူအရ မသန်စွမ်းသူများ ပေါင်းစည်းပါဝင်မှုကို မြှင့်တင်ရန်ဟူသည့် အချက်ကို ရည်ညွှန်းပြီး၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းကို နိုင်ငံအားလုံးနှင့် နယ်ပယ်အသီးသီးတွင် အကောင်ထည်ဖော် ဆောင်ရွက်ရန် ဆိုလိုခြင်းဖြစ်ကြောင်း၊ ယနေ့ကျရောက်သော အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့တွင် ကျွနု်ပ်တို့၏ ကတိကဝတ်ဖြစ်သော မသန်စွမ်းသူများ၏ အခွင့်အရေးကို အပြည့်အဝပြည့်မီရရှိစေသည့် လူတိုင်းအတွက် အကျုံးဝင်သော၊ သာတူညီမျှမှုရှိသော ပိုမိုကောင်းမွန် ပြည့်စုံသည့် ကမ္ဘာတစ်ခု ဖြစ်တည်လာစေရန် အတူတကွ လက်တွဲဆောင်ရွက်ရေးအတွက် ထပ်မံ အတည်ပြုဆောင်ရွက်ကြပါစို့ ဟူ၍ ဖော်ပြ ပါရှိခဲ့ပါသည်။

ဒီဇင်ဘာလ(၃)ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ဟူ၍ ၁၉၉၂ခုနှစ်တွင် ကုလသမဂ္ဂမှ တရားဝင်ချမှတ် အတည်ပြုထားခဲ့ပြီး၊   မြန်မာနိုင်ငံတွင်လည်း ၁၉၉၄ ခုနှစ်မှ စတင်၍ လူမှုဝန်ထမ်းမှ ဦးဆောင်ကျင်းပခဲ့ပါသည်။၊ ယနေ့ခေတ်တွင် မသန်စွမ်းသူများအတွက် ဥပဒေများ နည်းဥပဒေများ ရှိလာပြီဖြစ်သော်လည်း အသက်ဝင်ရေးအတွက် အသိပညာပေး လှုံ့ဆော်ရန် လိုအပ် နေသေးလျှက် ရှိကြောင်း သိရပါသည်။

ကမ္ဘောဇဘဏ်၏  ‘ဘဏ်လုပ်ငန်းမှတစ်ဆင့် ပြည်သူအများရဲ့ လူနေမှုဘ၀ မြင့်မားလာစေရေး’ ဆိုသည့် Mission နှင့်အညီ၊ ကမ္ဘောဇဘဏ်အတွင်း မသန်စွမ်းသူ (၁၈) ဦးအား သန်စွမ်းသူများနှင့်တန်းတူ အလုပ်တာဝန်များ ခန့်အပ်ထားပေးခြင်းဖြင့်၊ မသန်စွမ်းသူများ၏အရေးကို အစဉ်အလေးထားပြီး ပံ့ပိုးဆောင်ရွက်မှုများ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျှက်ရှိပါသည်။

ယခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ “Empowering Persons with Disability and Ensuring Inclusiveness and Equality’’ “အားလုံးတူညီအခွင့်အရေးရရှိရေး၊ မသန်စွမ်းသူများ အစွမ်းမြှင့်တင်ပေး” ဟူသည့် ဆောင်ပုဒ်အရ ကမ္ဘောဇအနာဂတ်အလင်းတန်း မြန်မာဖောင်ဒေဒရှင်း အနေဖြင့် ယခုလို ပံ့ပိုးခဲ့ရခြင်း ဖြစ်ပါသည်။ ထို့ပြင် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများ နေ့အခမ်းအနား ရည်ရွယ်ချက်ဖြစ်သော    –

၁။    မသန်စွမ်းသူများကဏ္ဍရပ်များကို အများပြည်သူ ပိုမိုသိရှိနားလည်စေရန်။

၂။    မသန်စွမ်းသူများ တန်းတူအခွင့်အရေး ရရှိရေးနှင့် ဂုဏ်သိက္ခာရှိရှိ ရပ်တည်နိုင်ရန်။    

၃။     မသန်စွမ်းကလေးငယ်များ၏ စွမ်းရည်ကို ဖော်ထုတ် နိုင်လာစေရန်။

၄။    မသန်စွမ်းကလေးငယ်များ စိတ်ပိုင်းဆိုင်ရာတွင် မိမိကိုယ်ကို ယုံကြည်မှုရှိလာစေရန်။

၅။    မိဘများအနေဖြင့် မိမိတို့၏ ရင်သွေးများကို အားပေးပံပိုးမှု ပိုမိုအားကောင်းလာစေရန်။

၆။    မိဘနှင့်ဆရာများပူးပေါင်းခြင်းဖြင့် မသန်စွမ်းကလေးများအတွက် ကောင်းမွန်သော အခြေအနေ တစ်ရပ်ဖြစ်လာစေရန်။

၇။     မသန်စွမ်းကလေးငယ်များ ပျော်ရွှင်လာစေရန်နှင့်

၈။     မသန်စွမ်းအဖွဲ့အစည်းများ ပူးပေါင်းလုပ်ဆောင်နိုင်ခြင်း။

ဟူသည့် ရည်ရွယ်ချက်နှင့်အညီ၊ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ မသန်စွမ်းများအတွက် လိုအပ်သည့် ပံ့ပိုးပေးမှုများအား ဆက်လက်၍ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။