ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါ်နန်းလိုင်းခမ်းအား အာဆီယံထူးချွန်လူငယ်ဆု ပေးအပ်ချီးမြှင့်။

‘ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း ဥက္ကဋ္ဌဒေါ်နန်းလိုင်းခမ်း လက်ခံရရှိခဲ့သော
The Ten Accomplished Youth Organizations (TAYO) ASEAN Award 2017 ကို တွေ့ရစဉ်’

အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ လူငယ်ရေးရာကိစ္စများနှင့်စပ်လျဉ်းသော အာဆီယံဝန်ကြီးများ၏ (၁၀)ကြိမ်မြောက် အစည်းအဝေး၊ အာဆီယံ+၃ ဝန်ကြီးများ၏ (၆) ကြိမ်မြောက်အစည်းအဝေးနှင့် ယှဉ်တွဲပြုလုပ်သည့် အာဆီယံ(၁၀)နိုင်ငံမှ ထူးချွန်လူငယ်များအတွက် ဆုချီးမြှင့်ပွဲနှင့် ဂုဏ်ပြုညစာစားပွဲအခမ်းအနားကို ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ (၁၈) ရက်နေ့မှ (၂၀) ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံ၌ကျင်းပခဲ့ပါသည်။ ယင်းအခမ်းအနားသို့ အာဆီယံနိုင်ငံများမှ ထူးချွန်လူငယ် (၄၀) ဦးနှင့် အတူ ဆုရရှိသူများတက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံမှ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း ဥက္ကဋ္ဌဒေါ်နန်း လိုင်းခမ်းအား TAYO ထူးချွန်လူငယ်ဆု – The Ten Accomplished Youth Organizations (TAYO) ASEAN Award 2017 ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

‘မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်နီနီဝင်း၊ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း
ဥက္ကဋ္ဌဒေါ်နန်းလိုင်းခမ်း၊ စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ဦးဖြစ်သော ဦးအောင်မြတ်လွင်တို့ကို အခမ်းအနားတွင် တွေ့မြင်ရစဉ်’

ASEAN အဖွဲ့ကြီးမှ ဒေါ်နန်းလိုင်းခမ်းအား အထက်ပါဆုချီးမြှင့်ရခြင်းနှင့်ပတ်သက်၍ ၎င်းဦးစီးဆောင်ရွက်သည့် ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း၏ ထိရောက်သော လူမှုအကျိုးပြု ပရဟိတလုပ်ငန်းများအတွက် ရွေး ချယ်ချီးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။

TAYO ASEAN Award သည် အာဆီယံနိုင်ငံအသီးသီးမှ ထူးချွန်လူငယ်များနှင့် လူငယ်အဖွဲ့အစည်းများ၏ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအပေါ် ပညာရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ယဉ်ကျေးမှု၊ ကျန်းမာရေးကဏ္ဍအသီးသီး၌ စွမ်းစွမ်း တမံပါဝင်ဆောင်ရွက်ခဲ့မှုများအပေါ် အသိအမှတ်ပြု ရွေးချယ်ချီးမြောက်သည့်ဆုဖြစ်ပါသည်။

“ဒီ TAYO ဆုကို ရတဲ့အတွက်ကြောင့် ကျွန်မ၊ ကျွန်မမိသားစု၊ ကျွန်မရဲ့အဖွဲ့သားတွေအတွက်၊ အထူးသဖြင့် ကျွန်မရဲ့တိုင်းပြည် မြန်မာနိုင်ငံအတွက် အလွန်ကို ဂုဏ်ယူပီတိဖြစ်မိပါတယ်။ ဒါဟာ ကျွန်မတို့လို သက်တူရွယ်တူတွေကြားမှာ ရပ်တည်ဖို့အတွက် တကယ့် မဟာအခွင့်အရေး တစ်ရပ်ပါ။ ပြီးတော့ ကျွန်မတို့အားလုံးရဲ့ အနာဂတ်မျှော်လင့်ချက်တွေနဲ့ မြန်မာနိုင်ငံအတွင်းက အခွင့်အလမ်းတွေ၊ ရည်မှန်းချက်တွေအားလုံးကိုလည်း ကိုယ်စားပြုပါတယ်။ ကျွန်မတို့ တစ်ယောက်ချင်းစီက ကျွန်မတို့တိုင်းပြည်ကိုတည်ဆောက်တဲ့ အခန်းကဏ္ဍတွေမှာ အရေးပါတယ်လို့ ယုံကြည်သလို အာဆီယံနိုင်ငံတွေအကြား ဘက်ပေါင်းစုံမှာ ပိုမိုပါဝင်ခွင့်ရအောင် ဖန်တီးလာနိုင်မယ်လို့ ကျွန်မယုံကြည်ပါတယ်။” ဟု ဒေါ်နန်းလိုင်းခမ်းက ပြောကြားခဲ့ပါသည်။

ဒေါ်နန်းလိုင်းခမ်း ဦးဆောင်လျက်ရှိသော ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းသည် စင်္ကာပူနိုင်ငံ Smile Asia Mission နှင့် ပူး ပေါင်း၍ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာရှင် ကလေးငယ် ၂၀၀ ကျော်ကိုအောင်မြင်စွာ အခမဲ့ခွဲစိတ်ကုသ ပေးခဲ့ခြင်း၊ အကြောာင်းအမျိုးမျိုးကြောင့် ပြည်ပနိုင်ငံများသို့ရောက်ရှိနေသော မြန်မာနိုင်ငံသား ဒုက္ခသည်(၄၃၀၀)ကျော်အား MAI စင်းလုံးငှားလေယာဉ်များဖြင့် အခမဲ့စရိတ်ငြိမ်း အမိနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ပေးခဲ့ခြင်း၊ နိုင်ငံအနှံ့ ရေရှားပါးခက်ခဲသော ဒေသများတွင် စက်ရေတွင်းများတူးဖေါ်လှူဒါန်းခြင်း၊ ရေတွင်းရေကန်များတူးဖေါ်ပေးခြင်းနှင့် အိမ်တိုင်ယာရောက် ရေသွယ် တန်းပေးခြင်း၊ နိုင်ငံတွင်းသဘာဝဘေးအန္တရာယ်များကျရောက်ပါကလည်း အချိန်နှင့်တပြေးညီ ရှေ့ဆုံးမှတက်ကြွစွာ လူအား၊ငွေအားဖြင့် ပံ့ပိုးကူညီဆောင်ရွက်ခြင်း၊ အအေးဒဏ်လွန်ကဲသည့် ဒေသများတွင် ခေါင်းစွပ်ပါအနွေးထည်များ လှူဒါန်း ခဲ့ခြင်းတို့အပြင် မြန်မာနိုင်ငံအနှံ့အပြား၌ ကျန်းမာရေး၊ ပညာရေး၊ ဘာသာရေး၊ လူမှုရေးနှင့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးစသည့် ကဏ္ဍပေါင်းစုံတွင် စုစုပေါင်းကျပ်ငွေ(၁၂၈)ဘီလီယံကျော် လှူဒါန်းခဲ့ပြီး၊ နိုင်ငံတော်နှင့်ပြည်သူအတွက် လူမှုအကျိုးပြုလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်ခဲ့ပါသည်။

ဒေါ်နန်းလိုင်းခမ်းသည် အနာဂတ်ဘဏ်လုပ်ငန်းကို ဦးဆောင်မှုအပိုင်းမှ တာဝန် ယူရန် အလားအလာရှိသည့်လူငယ်(၁၄)ဦးသာ ရွေးချယ်ချီးမြှင့်သော “The Asia Banker” အဖွဲ့အစည်း၏ “အနာဂတ်လူငယ်ဘဏ်လုပ်ငန်းရှင်ဆု” (Promising Young Banker, Myanmar) ကို ၂၀၁၇ ခုနှစ် ဇွန်လအတွင်းက လက်ခံရရှိခဲ့ပါသည်။ ၂၀၁၆-ခုနှစ်တွင် ဒေါ်နန်းလိုင်းခမ်းအား Forbes Asia မဂ္ဂဇင်းမှ အနာဂတ်တွင် စောင့်ကြည့်ရမည့် အာရှတိုက်အတွက် လူငယ်အမျိုး သမီးစီးပွားရေးထူးချွန်လုပ်ငန်းရှင် (Women to Watch) တစ်ဦးအဖြစ် ထည့်သွင်း ဖော်ပြခြင်းခံခဲ့ရပါသည်။

မြန်မာနိုင်ငံမှ အောင်မြင်နေသော အမျိုးသမီးလူငယ်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဒေါ်နန်းလိုင်းခမ်းသည် ကမ္ဘောဇလေကြောင်းလိုင်း(Air KBZ)၊ အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း(MAI)၊ Kempinski Hotel-Nay Pyi Taw တို့၏ ဥက္ကဋ္ဌအဖြစ်လည်ကောင်း၊ ကမ္ဘောဇဘဏ်၏ ဒုတိယအမှုဆောင်အရာရှိချုပ်အဖြစ်လည်းကောင်း ဆောင်ရွက် လျက်ရှိပါသည်။


‘ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း ဥက္ကဋ္ဌဒေါ်နန်း လိုင်းခမ်းမှ TAYO ထူးချွန်လူငယ်ဆု –
The Ten Accomplished Youth Organizations (TAYO) ASEAN Award 2017 ကို လက်ခံရယူစဉ်’

ကမ္ဘောဇဘဏ်လီမိတက်အနေဖြင့် အာဆီယံဒေသတွင်း နိုင်ငံများမှ Ten Accomplished Youth Organizations (TAYO) Award 2017 နှင့် ASEAN Youth Award ဆု ရရှိခဲ့ကြသူ (၂၀) ဦးကိုလည်း ဂုဏ်ပြုပါကြောင်း ဖေါ်ပြအပ်ပါသည်။