ကျောက်ပန်းတောင်းမြို့နှင့် မလှိုင်မြို့သို့ ရေသယ်ယာဉ် အသစ် (၂) စီးကို ကမ္ဘောဇအနာဂတ် အလင်းတန်းမြန်မာ ဖောင်ဒေးရှင်းမှ ပေးအပ်လှူဒါန်း။

မြန်မာနိုင်ငံအတွင်း အလွန်ပူပြင်းခြောက်သွေ့ပြီး ရေရှားပါးသောဒေသများတွင် နွေရာသီအတွင်း သောက်သုံးရေး ပိုမိုလိုအပ်လာမည် ဖြစ်သဖြင့် ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ ရေသယ်ယာဉ် အသစ်များ ပေးအပ်လှူဒါန်းလျက်ရှိပါသည်။

‘ကျောက်ပန်းတောင်းမြို့ “Volunteer Group လူမှုကူညီရေးပရဟိတအဖွဲ့” သို့ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းက ရေသယ်ယာဉ် အသစ် ပေးအပ်လှူဒါန်းစဉ်’

ကျောက်ပန်းတောင်းမြို့နယ်ရှိ “Volunteer Group လူမှုကူညီရေးပရဟိတအဖွဲ့” သို့ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း ကိုယ်စား ကျောက်ပန်းတောင်းဘဏ်ခွဲတာဝန်ခံ ဒေါ်ခက်ခပ်နွယ်က ရေဂါလံ (၃၀၀၀) ဆံ့ရေသယ်ယာဉ် အသစ်တစ်စီးကို မေလ (၁၁) ရက်နေ့က ပေးအပ်လှူဒါန်းခဲ့ပါသည်။

‘မလှိုင်မြို့၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအသင်း သို့ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းက ရေသယ်ယာဉ်အသစ် ပေးအပ်လှူဒါန်းစဉ်’

ထို့အတူ မလှိုင်မြို့နယ်ရှိ “ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအသင်း” ထံသို့လည်း ရေဂါလံ (၃၀၀၀) ဆံ့ ရေသယ်ယာဉ် အသစ်တစ်စီးကို ဖောင်ဒေရှင်း တာဝန်ရှိသူများဖြစ်သည့် ကမ္ဘောဇဘဏ်လီမိတက်၏ DGM ဦးတင်ဝင်းနှင့် မလှိုင်ဘဏ်ခွဲတာဝန်ခံ ဒေါ်နွယ်နီဝင်းနိုင်တို့မှ မေလ (၁၃) ရက်နေ့တွင် ပေးအပ်လှူဒါန်းခဲ့ပါသည်။

”မလှိုင်မြို့၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအသင်း သို့ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းက ရေသယ်ယာဉ်အသစ် ပေးအပ်လှူဒါန်းစဉ် စုပေါင်းဓာတ်ပုံမှတ်တမ်း’

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းသည် ၂၀၁၆ ခုနှစ်အတွင်း ရေသယ်ယာဉ်အသစ် (၄၄) စီးကိုဝယ်ယူခဲ့ပြီး နိုင်ငံတစ်ဝှမ်းရှိ သောက်သုံးရေရှားပါးမှုအခက်အခဲနှင့် ကြုံတွေ့နေရသော ဒေသများအရောက် ရေဂါလံပေါင်းသန်းချီ၍ လှူဒါန်းခဲ့ပါသည်။ ထို့အပြင် ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါ်နန်းလိုင်းခမ်း၏ ဦးဆောင်မှုဖြင့် ရေပေးဝေမှုများ ပိုမိုထိရောက်စွာလှူဒါန်းနိုင်ရန်အတွက် နိုင်ငံတစ်ဝန်းရှိ ပရဟိတအဖွဲ့အစည်းအသီးသီးသို့ ရေသယ်ယာဉ်အသစ် စုစုပေါင်း (၄၁) စီး ပေးအပ်လှူဒါန်းခဲ့ပြီးဖြစ်ပါသည်။

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းသည် ရေရှားပါးသောဒေသများတွင် ရေပေးဝေလှူဒါန်းမှုများအပြင် စက်ရေတွင်းတူးဖော်လှူဒါန်းမှုများကိုလည်း ပြုလုပ်လျှက်ရှိရာ နိုင်ငံအနှံ့ စက်ရေတွင်းပေါင်း (၂၀၄) တွင်းတူးဖော်ခဲ့ပြီး (၁၅၄) တွင်းကို အောင်မြင်စွာတူးဖော်လှူဒါန်းပေးနိုင်ခဲ့ပါသည်။ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းသည် တစ်ချိန်တည်းမှာပင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ရှိ မေတ္တာရှင်ကုသိုလ်ဖြစ်အခမဲ့ဆေးရုံတွင်လည်း စက်ရေတွင်း တူးဖော်ပေးလျှက်ရှိပါသည်။

ဒေါ်နန်းလိုင်းခမ်းဥက္ကဋ္ဌ အဖြစ်ဦးဆောင်လျက်ရှိသော ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း(BFM)သည် ယနေ့အထိ ကဏ္ဍအသီးသီးတွင် နိုင်ငံတော်နှင့် ပြည်သူအတွက် စုစုပေါင်းကျပ်ငွေ(၁၂၀) ဘီလီယံကျော် လှူဒါန်းခဲ့ပြီး ဖြစ်ပါသည်။