ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ တံတားဦးမြို့၊ စေတနာရှင်လူမှုကူညီရေးအသင်းသို့ ရေသယ်ယာဉ်အသစ်တစ်စီး ပေးအပ်လှူဒါန်း။


ပူပြင်းခြောက်သွေ့သည့် နွေရာသီကာလရောက်သည့်အချိန်တိုင်း ရေရှားပါးမှုအခက်အခဲများနှင့် ကြုံတွေ့ရလေ့ရှိသောဒေသများသို့ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းသည် ရေသယ်ယာဉ်အသစ်များ ပေးအပ်လှူဒါန်းလျှက်ရှိရာ ယနေ့ မေလ (၉) ရက်နေ့ တွင် မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့၊စေတနာရှင် လူမှုကူညီရေးအသင်းသို့ ဂါလံ (၃၀၀၀) ဆံ့ရေသယ်ယာဉ်အသစ်တစ်စီးကို လှူဒါန်းခဲ့ပါသည်။

အဆိုပါရေသယ်ယာဉ်အား ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းကိုယ်စား ကမ္ဘောဇဘဏ်လီမိတက် ဒုတိယအုပ်ချုပ်မှုဒါရိုက်တာ ဦးတင်ထွန်းနှင့် ဖောင်ဒေးရှင်းတာဝန်ရှိသူများမှ ပေးအပ်လှူဒါန်းခဲ့ပြီး တံတားဦးမြို့၊ စေတနာရှင် လူမှုကူညီရေးအသင်း ဒု-ဥက္ကဋ္ဌ ဦးရဲလင်းသူနှင့် တာဝန်ရှိသူများမှ လက်ခံရယူခဲ့ပါသည်။

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းသည် ၂၀၁၆ ခုနှစ်အတွင်း ရေသယ်ယာဉ် (၄၄) စီးကိုဝယ်ယူခဲ့ပြီး မြန်မာနိုင်ငံတစ်ဝှမ်းရှိ ရေရှားပါးသောဒေသများအရောက် ဖောင်ဒေးရှင်း၏ ရေသယ်ယာဉ်များဖြင့် ရေဂါလံပေါင်း သန်းချီဖြန့်ဝေလှူဒါန်းနိုင်ခဲ့ပါသည်။ ထို့အပြင် ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါ်နန်းလိုင်းခမ်း၏ဦးဆောင်မှုဖြင့် ရေရှားပါးခက်ခဲသောဒေသများရှိ ပရဟိတအဖွဲ့အစည်းအသီးသီးသို့ အချိန်နှင့်တစ်ပြေးညီ ပိုမိုကျယ်ပျံ့စွာ ရေလှူဒါန်းနိုင်ရန်အတွက် ရေသယ်ယာဉ်အသစ် စုစုပေါင်း(၃၈)စီး ပေးအပ်လှူဒါန်းခဲ့ပြီးဖြစ်ပါသည်။

ကမေ ္ဘာဇအနာဂတ်အလင်းတန်းမြန်မာဖေါင်ဒေးရှင်း (BFM)သည် ဖောင်ဒေးရှင်းဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် ရေသယ်ယာဉ်များလှူဒါန်းမှုအပြင်ရေရှားပါးသောဒေသများတွင်လည်း စက်ရေတွင်းစုစုပေါင်း (၂၀၄)တွင်း တူးဖော်လှူဒါန်းပေးခဲ့ပြီး (၁၅၃)တွင်းကို အောင်မြင်စွာတူးဖော်လှူဒါန်းနိုင်ခဲ့ပါသည်။ BFM ဖောင်ဒေးရှင်းသည် တစ်ချိန်တည်းမှာပင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့ရှိ မေတ္တာရှင် ကုသိုလ်ဖြစ်အခမဲ့ဆေးရုံ၊ မကွေးတိုင်းဒေသ ကြီး၊ မကွေးမြို့နယ်၊ အစစမ်းရွာတို့တွင်လည်း စက်ရေတွင်းများ တစ်ပြိုင်နက် တူးဖေါ်လှူဒါန်းပေးလျက်ရှိပါသည်။