ယုံကြည်ချက်တစ်ခုရဲ့ အားမာန်

‘ရန်ကုန် အနောက်ပိုင်းတက္ကသိုလ်မှ အင်္ဂလိပ်စာအဓိကဖြင့် ဘွဲ့ရရှိခဲ့သည့် မဥမ္မာထွေး’

 ” ကိုယ်ဖြစ်ချင်တဲ့အရာတစ်ခုကို ကိုယ်တိုင်ယုံယုံကြည်ကြည်နဲ့ ကြိုးစားမယ်ဆိုရင် ဘာမဆိုဖြစ်နိုင်ပါတယ်။ အဓိကအချက်က ကိုယ်တိုင်ကြိုးစားချင်စိတ်ပဲ ရှိဖို့လိုတာ ”

အထက်ပါစကားကို ပြောကြားခဲ့သူက အင်္ဂလိပ်စာဘာသာရပ်ဖြင့် ဘွဲ့ရခဲ့ပြီး၊ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာ ဖောင်ဒေးရှင်းမှပေးအပ်သော ပညာသင်ဆုကို ရရှိခဲ့သည့် ” ရန်ကုန်မျက်မမြင်ကျောင်း ” မှ မဥမ္မာထွေးပင်ဖြစ်သည်။

ကိုယ်ဖြစ်ချင်တဲ့အရာတစ်ခုအတွက် ကိုယ့်အားကိုယ်ကိုးပြီးကိုယ့်လမ်း ကိုယ်လျှောက်ခဲ့သူတစ်ယောက်၏ ပြောစကားများ။ သူမအနေဖြင့် အသက် ၄ နှစ်နှင့် ၆ လအရွယ်တွင်အပြင်းဖျားနာသည့် ဒဏ်ကြောင့် အမြင်အာရုံချို့တဲ့သူ တစ်ယောက်ဖြစ်ခဲ့ရလင့်ကစား မလျှော့သောဇွဲဖြင့် လိုရာပန်းတိုင်သို့ အရောက်လှမ်း ခဲ့ရသည့် အတိတ်ပုံရိပ်များကို ပြန်ပြောင်းပြောပြနေသည့် အမျိုးသမီးလေးတစ်ဦး၏ စကားသံများပင်ဖြစ်သည်။

” ကျွန်မရဲ့ရည်မှန်းချက်က ပညာတတ်တစ်ယောက်ဖြစ်ချင်တာ။ ငယ်ငယ်တုန်းက အစ်ကိုတွေ အစ်မတွေလို ကျောင်းတက်ချင်တယ်လို့ အမေ့ကို အမြဲပူဆာခဲ့တယ်။ အဲဒီအချိန်မှာ အမြင်အာရုံချို့တဲ့နေတဲ့ကျွန်မကို ကြည့်ပြီး အမေက စိတ်မကောင်းဖြစ်ပြီး မျက်ရည်ကျခဲ့ရတယ် ”

မွေးချင်း (၅)ယောက်ရှိသည့် မိသားစုအနက် တတိယမြောက်သမီးဖြစ်သည့် မဥမ္မာထွေးမှာ ငယ်စဉ်ကတည်းက ပင်အမြင်အာရုံချို့တဲ့ခဲ့ရသူ တစ်ယောက်ဖြစ်သည့်အားလျော်စွာ အခြားရွယ်တူကလေးများကဲ့သို့ ပညာသင်နိုင်ခွင့်မရခဲ့။ အသိမိတ်ဆွေ ဆရာတစ်ဦး၏ အဆက်အသွယ်ဖြင့် ရန်ကုန်မျက်မမြင်ကျောင်းသို့ ရောက်လာခဲ့ချိန်မှာတော့ သူမအဖြစ်ချင်ဆုံး ဆန္ဒဖြစ်သည့် ပညာသင်ခွင့်ကို အကောင်အထည်ဖော်ခွင့် ရရှိခဲ့သည်။

” ကျွန်မဒီကျောင်းကို မရောက်လာခင်မှာ သမီးဖြစ်သူကို သူ့မျက်စိအောက်မှာပဲ ထားချင်တဲ့ အဖေက ကွယ်လွန်ခဲ့ပါပြီ။ အမေက ကျွန်မအဖြစ်ချင်ဆုံးဆန္ဒကို အကောင်အထည်ဖော်ဖို့ လက်ခံပေးတယ်။ ကျွန်မဒီကျောင်းကို မလာခင်မှာ အမေ့ကို ကျွန်မပညာတတ်တစ်ယောက်ဖြစ်အောင်လုပ်မယ်ဆိုတဲ့ ကတိကို ပေးခဲ့တယ်။ ဒီကျောင်းကိုရောက်လာတဲ့အခါမှာ ကျွန်မ အတွက်က တကယ့်ကို Dreams Do Come True ပဲ ” ဟု ကျောင်းတက်ခွင့် ရခဲ့သည့်အကြောင်းကို ပြောပြနေသည့် အခါမှာတော့ သူမ၏မျက်နှာ တွင် ကျေနပ်မှုအပြည့်။

‘မဥမ္မာထွေး မှ ၂၀၁၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲထူးချွန်ဆု လက်ခံရယူခဲ့စဉ်’

၂၀၁၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများထွက်သည့် အချိန်မှာတော့ ရန်ကုန်တိုင်းဒေသကြီး တစ်တိုင်းလုံးရှိ ဝိဇ္ဇာဘာသာတွဲဖြေဆိုသူ အားလုံးအနက် ဒုတိယအမှတ်အများဆုံးဆုရယူကာ မဥမ္မာထွေး တစ်ယောက် အလုပ်နဲ့သက်သေပြခဲ့နိုင်ပြီ။ ထို့နောက် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်တွင် အင်္ဂလိပ်စာအဓိကဖြင့် ဆက်လက်၍ ပညာလေ့လာ သင်ယူခဲ့လေသည်။ ဘဝတွင်တစ်ခါမှ မတွေ့ကြုံခဲ့ရဘူးသည့် တက္ကသိုလ်ကျောင်းသူတစ်ဦး၏ ဘဝအစနေ့ရက်များက သူမအဖို့ ခက်ခဲခဲ့သည်။

” ကျောင်းကို သူငယ်ချင်းတွေနဲ့မဟုတ်ပဲ ကျွန်မတစ်ယောက်ထဲ အဖော်မပါပဲသွားခဲ့ရတဲ့ ရက်တွေရှိပါတယ်။ လိုင်းကားစီးရင်းမှတ်တိုင်ကျော်သွားတာတွေ၊ ပြန်လာတဲ့အခါမှာ လမ်းမှားပြီး အဆောင်ကို တန်းတန်းမတ်မတ် ပြန်မရောက်ခဲ့တာတို့ဖြစ်ခဲ့တယ်။ ဒါပေမယ့် လူတွေက ကြောက်တတ်တဲ့သူကို ပိုခြောက်ချင်တဲ့အတွက်  ကျွန်မဘယ်တော့မှ ကြောက်ရွံ့တဲ့အရိပ်လက္ခဏာမပြခဲ့ဘူး။ ကိုယ့်ကိုယ်ကို အမြဲပြန်အားတင်းတယ်။ တကယ်စိတ်ရင်းနဲ့ ကိုယ့်ကို ကူညီခဲ့တဲ့သူတွေလည်းရှိသလို လိုက်နောက်ပြောင်တဲ့သူတွေနဲ့လည်း ကြုံခဲ့ရပါတယ် ” ဟု သူမ၏အတွေ့အကြုံများကို ပြန်လည်မျှဝေပေးသည်။

” ကျွန်မတက္ကသိုလ်တက်ရတော့မယ့်အချိန်မှာ မိဘနှစ်ပါးစလုံးမရှိကြ တော့ဘူး။ ကျောင်းစာသင်စရိတ်အတွက် ညီအစ်ကိုမောင်နှမတွေဆီ ကလည်း အကူသွားတောင်းရတာ မျိုးမဖြစ်ချင်ဘူး။ အဲ့တာကြောင့် ရန်ကုန်တိုင်းအတွင်းမှာ ထူးချွန်ဆုရခဲ့တုန်းက ငွေလေးတွေကိုစုပြီးတော့ ချွေချွေတာတာနဲ့ ပထမနှစ်ကို ဖြတ်သန်းခဲ့တယ်။ ကျွန်မ Second Year ကစပြီး ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းဆီကနေ ပညာသင်ထောက်ပံ့ကြေးရခဲ့တော့ တော်တော်လေးအထောက်အကူဖြစ်ခဲ့ပါတယ်၊ ကျွန်မဆက်လက်ပြီး ပညာသင်ကြားခွင့်ရနိုင်အောင် ကူညီပေးခဲ့တဲ့ ဖောင်ဒေးရှင်း ကိုလည်းကျေးဇူးအရမ်းတင်မိပါတယ် ”

အိပ်မက်များကို အကောင်အထည်ဖော်နိုင်ဖို့လျှောက်လှမ်းရာတွင် မည်သို့သောအခက်အခဲများက သူမ၏ စိတ်အားထက်သန်မှုကို တားဆီး ခြင်းမပြုနိုင်ခဲ့။ တက္ကသိုလ်ကျောင်းသူဘဝ၏ အနိမ့်မြင့် အတက်အကျ ပေါင်းစုံကို ဖြတ်သန်းရင်း မဥမ္မာထွေးတစ်ယောက် ၂၀၁၆ ခုနှစ် ပညာသင်နှစ်အရောက်တွင်ဘွဲ့ရယူခဲ့ကာ အမေ့ကို ပေးထားခဲ့သည့် ကတိစကားကို တည်နိုင်ခဲ့လေပြီ။

” ကိုယ်တကယ်ရချင်လို့ ကိုယ်တိုင်ဖန်တီးလုပ်ယူခဲ့တဲ့ အောင်မြင်မှုတစ်ခုအတွက် ဂုဏ်ယူမိတယ်။ ကျွန်မလို ဘဝတူ ညီအစ်ကို မောင်နှမတွေအားလုံးကို ကျွန်မတတ်မြောက်ထားတဲ့အရာကို ပြန်ပြီးမျှဝေပေး နိုင်တာပဲဖြစ်ချင်တယ် ” သူမဖြစ်လိုသော ဆန္ဒကို ပြောလေသည်။

‘ASEAN Para Games ပြိုင်ပွဲတွင် စစ်တုရင်ကစားနည်း ယှဉ်ပြိုင်နေစဉ်’

မဥမ္မာထွေးတစ်ယောက် သူမ၏ ဝါသနာပါရာအလုပ်တစ်ခုကိုလည်း ဖြစ်ဖြစ်မြောက်မြောက် လုပ်နိုင်ခဲ့သည်။ ငယ်စဉ်ကတည်းက ဝါသနာပါ သည့် စစ်တုရင်အားကစားကို ထူးချွန်သည်ထက် ထူးချွန်အောင် ကြိုးစားပြီး ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်၏ စစ်တုရင်ချန်ပီယံဟူသော ဂုဏ်ပုဒ်ကို ရရှိအောင်စွမ်းဆောင်နိုင်ခဲ့လေသည်။ ထို့အပြင် သူမသည် အာဆီယံ ဒေသတွင်းနိုင်ငံများမှ မသန်စွမ်းသူများဝင်ရောက်ယှဉ်ပြိုင်သည့် ASEAN Para Game ပြိုင်ပွဲနှစ်ရပ်တွင်လည်း မြန်မာနိုင်ငံကိုယ်စားပြု၍ နှစ်ကြိမ်ဆက် ငွေတံဆိပ်ဆုများရရှိအောင် စွမ်းဆောင်ပြီး နိုင်ငံ့ဂုဏ်ဆောင်ခဲ့လေသည်။

” စစ်တုရင်ကို ကျွန်မငယ်ငယ်လေးကတည်းက ဝါသနာပါတယ်။ ကျွန်မစစ်တုရင်ကစားတဲ့အခါမှာ သူများတွေနဲ့မတူတဲ့ ဗျူဟာသုံးပြီးတိုက်တယ်။ အများစုက ဘုရင်ကို ဦးတည်ပြီးတိုက်တယ်။ ကျွန်မက နယ်ကို ရအောင် အရင်ယူဖို့ ကြိုးစားတယ်။ စစ်တုရင်ကစားပွဲမှာ သူ့နယ် ကိုယ့်နယ်ဆိုတာရှိတယ်။ ကိုယ်က သူ့နယ်ကိုအရင်ဦးထားနိုင်ရင် ကိုယ်လိုချင်တဲ့ကစားကွက်ကို ပုံဖော်လို့ရတယ်။တော်ယုံ Middle Game လောက်နဲ့တော့ ဘုရင်ကို ဦးစားပေးမတိုက်ဘူး။ ကစားပွဲတစ်ခုမှာ Double Attack လုပ်ရတာ အရမ်းဝါသနာပါတယ် ” ဟု သူမဝါသနာပါသော ကစားနည်းတစ်ခုအကြောင်းကို စိတ်အားထက်သန်စွာဖြင့် ရှင်းပြနေသည်။

‘ASEAN Para Games ပြိုင်ပွဲတွင် စစ်တုရင်ကစားနည်း တွင် ဒုတိယ ငွေတံဆိပ်ဆုရရှိခဲ့စဉ်’

” မသန်သော်လည်း စွမ်းသည် ” ဟူသောစကားရပ်၏ အကောင်းဆုံးသာဓကဖြစ်သည့် မဥမ္မာထွေးတစ်ယောက် လက်ရှိအချိန်မှာတော့ ”ရန်ကုန်မျက်မမြင်ကျောင်း” တွင် Volunteer အဖြစ်ကျောင်းမှ ညီငယ်၊ ညီမငယ်များ ထံသို့ သူမ တတ်မြောက် ထားသော ပညာရပ်များအားပြန်လည်မျှဝေပေးရင်းဖြင့် နေထိုင်လျှက်ရှိသည်။ ဘဝကိုစိန်ခေါ်ပြီး အခက်အခဲများစွာကို အောင်မြင်စွာ ကျော်ဖြတ်ပြခဲ့သည့် မဥမ္မာထွေး အတွက်တော့ ဘဝရပ်တည်နေထိုင်ရေးအတွက် ဘဝအာမခံချက်ရှိသည့် အလုပ်အကိုင်တစ်ခုတော့ လိုအပ်လျှက်ရှိသည်။ မသန်စွမ်းသူများ၏ဘဝကိုမြှင့်တင်နိုင်ရေးအတွက် တန်းတူအခွင့်အရေးရရန်လိုအပ်သည်။ အခက်အခဲ အတားအဆီးပေါင်းများစွာကို အောင်မြင်စွာကျော်ဖြတ်ပြီး သက်သေပြခဲ့သည့် မဥမ္မာထွေးကတော့ သူမ၏ ယုံကြည်ချက်တစ်ခုကို အားမာန် အပြည့်ဖြင့် ပြောလေသည်။

Image may contain: 14 people, people standing and outdoor

‘ASEAN Para Games ပြိုင်ပွဲဝင် ကစားသမားများနှင့် အတူတွေ့ရစဉ်’

” ကျွန်မတို့နိုင်ငံမှာက မသန်စွမ်းတွေအတွက် အခွင့်အရေး ရရှိမှုက နည်းပါသေးတယ်။ သန်စွမ်းခြင်း၊ မသန်စွမ်းခြင်းကို အရင်မကြည့်ပဲနဲ့ ပညာအရည်အချင်းတူရင် ကိုယ်လည်း အများနည်းတူ သင့်တော်တဲ့ အလုပ်တစ်ခုခုတော့လုပ်နိုင်မယ်လို့ အပြည့်အ၀ ယုံကြည်ပါတယ်၊ အဲ့ဒီအတွက်လည်း လိုအပ်တဲ့ သင်တန်းတွေတက်ပြီး အကောင်းဆုံး ကြိုးစားနေပါတယ် ”

( တက္ကသိုလ်ကျောင်းသူဘ၀ ရောက်ချိန်တွင် ကျောင်းစရိတ်သည် မဥမ္မာထွေး၏ အိပ်မက်များအတွက် အကြီးမားဆုံး စိန်ခေါ်မှုဖြစ်ခဲ့ပါသည်။ သို့ရာတွင် မျက်မမြင်ကျောင်းသူ၊ ကျောင်းသားများအတွက် ကမ္ဘောဇအနာဂတ်အလင်းတန်း မြန်မာဖာင်ဒေးရှင်းမှ ပေးအပ်သော ပညာသင်ဆုကို ရရှိခဲ့ပြီး သူမ၏ တက္ကသိုလ်ပညာရေးကို ဆုံးခန်းတိုင်အောင် ဆက်လက် သင်ကြားနိုင်ခဲ့ပါသည်။)