ကလေးငယ်တို့၏ အပြုံးများ အသက်ဝင်စေတော့မည်

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ကြီးမှူး၍၊ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ အဓိက ကူညီပံ့ပိုးပေးပြီး၊ နိုင်ငံတကာမှ ကျွမ်းကျင် ခွဲစိတ်ဆရာဝန်ကြီးများ ပါဝင်သည့် Smile Asia Medical Mission နှင့် ပူးပေါင်းကာ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာရှင်များကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ (၃) ရက်နေ့မှ (၁၀)ရက်နေ့အထိ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ခွဲစိတ်ကုသပေးသွာမည်ဖြစ်၍ ကလေးငယ်များ၏ အပြုံးများ ပိုမိုအသက်ဝင် လှပလာတော့မည် ဖြစ်ပါသည်။ ခွဲစိတ်မှုများကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ အမျိုးသမီးနှင့်ကလေး အထူးကုဆေးရုံကြီး၌ ပြုလုပ်သွားမည်ဖြစ်ပါသည်။

မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်အတွင်းရှိ ရှမ်း၊ ပအို့ဝ်၊ ကယား၊ ကယန်း၊ လားဟူ၊ ဓနု၊ ပလောင်၊ ကချင်နှင့် ဗမာ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲဝေဒနာရှင်ကလေးငယ် (၁၁၀) ဦးမှ ခွဲစိတ်ကုသမှုခံယူရန် စာရင်းပေးသွင်းထားပါသည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် Smile Asia Medical Mission ၏ နိုင်ငံတကာ ကျွမ်းကျင်ခွဲစိတ်ဆရာဝန်ကြီးများ၊ ဆေးဘက်ဆိုင်ရာဝန်ထမ်းများမှ စနစ်တကျ စမ်းသပ်စစ်ဆေး၍ အခမဲ့ခွဲစိတ်ကုသပေးသွားမည်ဖြစ်ပါသည်။ လူနာများ ခွဲစိတ်ကုသမှုခံယူနိုင်ရန် အတွက် ကမ္ဘောဇအနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်းမှ လူနာများအတွက် လမ်းစရိတ်၊ တည်းခိုရန်နေရာနှင့် အစားအသောက်များ တာဝန်ယူဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း အနေဖြင့် SmileAsia နှင့် ယခုကဲ့သို့ ပူးပေါင်းလုပ်ဆောင်ခြင်းမှာ တတိယအကြိမ်ဖြစ်ပြီး၊ ယမန်နှစ်ကလည်း ရန်ကုန်အထွေထွေဆေးရုံကြီးတွင် နှုတ်ခမ်းကွဲအာခေါင်ကွဲဝေဒနာရှင်ကလေးငယ် ၁၇၀ ကျော်ကို စမ်းသပ်စစ်ဆေးကာ ခွဲစိတ်ကုသရန် သင့်တော်သည့် ကလေးငယ် (၁၁၃) ဦးကို ခွဲစိတ်ကုသမှုများ ပြုလုပ်ပေးခဲ့သည်။ “အပြုံးဆိုတာဟာ လူတစ်ဦးကိုတစ်ဦး ချစ်ခင်ကြင်နာရင်းနှီးမှုကိုဖော်ပြတဲ့ သင်္ကေတအဖြစ် လူတိုင်းလက်ခံ ယုံကြည်ထားကြသလို၊ ကျွန်မတို့ အနေနဲ့လည်း ကလေးတွေရဲ့ အပြုံးတွေကို ပြန်လည်အသက်ဝင်စေခြင်းဟာ မြန်မာနိုင်ငံမှာရှိတဲ့ လူ့အဖွဲ့အစည်းများစွာရဲ့ မေတ္တာတရားတွေ တိုးပွားလာစေပြီး၊ ကျွန်မတို့နိုင်ငံက အနာဂတ်မျိုး ဆက်သစ်တွေရဲ့ ဘဝတွေကို ပိုမိုမြင့်မားလာစေမယ်လို့ ယူဆပါတယ် ” ဟု ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါ်နန်းလိုင်းခမ်းက ပြောကြားခဲ့ပါသည်။ ဒေါ်နန်းလိုင်းခမ်းဥက္ကဋ္ဌ အဖြစ်ဦးဆောင်လျက်ရှိသော ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းသည် ဖောင်ဒေးရှင်းစတင်ဖွဲ့စည်းတည်ထောင်ချိန်မှစ၍ ယနေ့အထိ မြန်မာ့လူ့အဖွဲ့အစည်းအတွက် ကဏ္ဍမျိုးစုံတွင် ကျပ် ၁၁၄ ဘီလီယံကျော် လှူဒါန်းခဲ့ပြီးဖြစ်ပါသည်။