ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်းဒေးရှင်းသည် အခရာအမျိုးသမီးအဖွဲ့ (AKHAYA WOMEN MYANMAR) မှ ဦးစီးဆောင်ရွက်လျှက်ရှိသည့် မျက်နှာအား အက်စစ်ဖြင့် အပက်ခံခဲ့ရသည့် အမျိုးသမီးငယ်၏ အရေးပေါ် ဆေးကုသစရိတ်အတွက် ပူးပေါင်းပါဝင်ခဲ့။

ကမ္ဘောဇဘဏ်နှင့် ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်းဒေးရှင်းသည် အခရာအမျိုးသမီးအဖွဲ့ (Akhaya Women Myanmar) မှ ဦးစီးဆောင်ရွက်လျှက်ရှိသည့် မျက်နှာအားအက်စစ်ဖြင့် အပက်ခံခဲ့ရသည့် အမျိုးသမီးငယ်၏ အရေးပေါ်ဆေးကုသစရိတ်အတွက် ပူးပေါင်းပါဝင်ကူညီသည့်အနေဖြင့် အမေရိကန်ဒေါ်လာ (၁၀,၀၀၀/-) တိတိကို ၂၀.၁၀.၂၀၁၆ ရက်နေ့က လှူဒါန်းခဲ့ပါသည်။

ယခုအခါတွင် အဆိုပါအမျိုးသမီးငယ်သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ Phyathai Nawamin International Hospital တွင် တက်ရောက်၍ ဆေးကုသမှုခံယူလျှက်ရှိပြီး ပလပ်စတစ်ဆာဂျရီနည်းဖြင့် ခွဲစိတ်ကုသနိုင်ရန်ကုန်ကျစရိတ်များနှင့်တကွ၊ ခွဲစိတ်ကုသမှုမတိုင်ခင် အကြိုစမ်းသပ်စစ်ဆေးစရိတ်များ ( Pre-Operation Examination Charges)၊ ပြန်လည် စမ်းသပ်စစ်ဆေးစရိတ်များ (Post Operation Charges)၊ ဆေးကုသစဉ် နေထိုင်စားသောက်စရိတ်များအစရှိသည့် ကုန်ကျစရိတ် အ၀၀အတွက် အသုံးပြုနိုင်ရန် လှူဒါန်းခဲ့ခြင်းဖြစ်ပါသည်။

၂၀၁၆ ခုနှစ် မေလလ ၂၂ ရက်နေ့က မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် နေထိုင်သူ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးငယ်အား ၎င်း၏ချစ်သူဟောင်းမှ အက်စစ်ဖြင့်ပက်ခဲ့သဖြင့် မျက်လုံးတစ်လုံး၊ နားတစ်ဖက်နှင့် မျက်နှာတစ်ခြမ်းဆုံးရှုံးကာ လည်ပင်း၊ ပခုံး၊လက်နှစ်ဘက်နှင့် ရှေ့ရင်ဘတ်တစ်ခြမ်းတို့ အက်စစ်ကျွမ်းလောင်ခြင်းခံခဲ့ရပြီး၊ လတ်တလောနားကြားနိုင်ရန်အတွက် အရည်ပျော်သွားသောနားရွက်တွင် အပေါက်ဖောက်ကာလေပြွှန်ပိုက်နှင့် ချိတ်ဆက်ထားခဲ့ရသည်။ ထိုဒဏ်ရာများထဲမှ စက္ခုအမြင် ပြန်လည်ရရှိစေရန်၊ လည်ပင်းရှိ အရေပြားများတင်းမာမှုမှ လျော့ကျသွားစေရန်၊ အက်စစ်ကြောင့် အရည်ပျော်သွားသည့် မျက်နှာ၊ မျက်လုံးနှင့်နားတစ်ဖက်အား ပြန်လည်ပြုပြင်ရန်၊ ခွဲစိတ်ကုသမှုများ အဆင့်ဆင့်ခံယူသွားမည်ဟု သိရှိရပါသည်။

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်းဒေးရှင်းသည် အမျိုးသမီးငယ်များအားအကြမ်းဖက်ခြင်းမှ ကာကွယ်ရန်နှင့် လူသားချင်းစာနာထောက်ထားသောအားဖြင့် အခရာအမျိုးသမီးအဖွဲ့(Akhaya Women Myanmar) နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။