မန္တလေးတိုင်းဒေသကြီးအတွင်း အအေးဓါတ်လွန်ကဲမှုခံရနိုင်သည့် ရဟန်းသံဃာများ၊ သီလရှင်များ နှင့် တိုင်းရင်းသားပြည်သူများအတွက် BFM မှ ခေါင်းစွပ်ပါအနွေးထည် (၃၆၅၀၀ ) လှူဒါန်း

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းသည် မန္တလေးတိုင်းဒေသကြီးအတွင်း အအေးဓါတ်လွန်ကဲနိုင်သည့် တိုက်ပွဲရှောင်စခန်းများမှ ရဟန်းသံဃာများ၊ သီလရှင်များနှင့် တိုင်းရင်းသား ပြည်သူများအတွက် ခေါင်းစွပ်ပါအနွေးထည်(၃၆၅၀၀)ထည်ကို ကမ္ဘောဇအုပ်စုကုမ္ပဏီလီမိတက်၊ အုပ်ချုပ်မှုဒါရိုက်တာ ဦးမိုးဆန်းအောင်နှင့် ကမ္ဘောဇဘဏ်လီမိတက်၊ အထက်မြန်မာပြည်တာဝန်ခံ ဒုတိယအုပ်ချုပ်မှုဒါရိုက်တာ ဦးတင်ထွန်းတို့က မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ထံ ယနေ့(၂၈.၈.၁၆) ရက်နေ့ နံနက်(၈း၀၀)နာရီက အစိုးရအဖွဲ့ရုံးတွင် သွားရောက် လှူဒါန်းခဲ့သည်။

ဖောင်ဒေးရှင်းသည် ပြည်တွင်း၊ ပြည်ပမှ မိုးလေဝသပညာရှင်များ၏ ကြိုတင်ခန့်မှန်းတွက်ချက် ထုတ်ပြန်ကြေညာချက်များအရ မြန်မာနိုင်ငံအတွင်း အောက်တိုဘာလမှ ဒီဇင်ဘာလအထိ လာနီညာရာသီဥတုဖြစ်ပေါ်ကာ ထူးခြားသည့်အအေးဓါတ်လွန်ကဲမှုဒဏ်ကို ပိုမိုခံစားရရှိနိုင်သည့် ဒေသများရှိ ရဟန်းသံဃာများ၊ သီလရှင်များ၊ တိုက်ပွဲရှောင်စခန်းများမှ တိုင်းရင်းသားပြည်သူများအတွက် အမေရိကန် ဒေါ်လာ ၂ သန်းကျော်တန်ဖိုးရှိ ခေါင်းစွပ်ပါ အနွေးထည် (၁၆၀၀၀၀) ကို ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါ်နန်းလိုင်းခမ်း၏ စီစဉ်မှုဖြင့် ပြည်ပမှ မှာယူတင်သွင်းခဲ့ပြီး ဆောင်းရာသီကာလအမီ သက်ဆိုင်ရာ ဒေသမျာသို့ပေးပို့လှူဒါန်းဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် ဖောင်ဒေးရှင်းသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ လဟယ်မြို့ရှိ နာဂတိုင်းရင်းသားများအတွက် အနွေးထည်(၃၅၀၀)ကို သြဂုတ်လ(၁၈) ရက်နေ့က သွားရောက်လှူဒါန်းခဲ့ပြီး ဆက်လက်၍ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ် အစရှိသော အအေးဓါတ်လွန်ကဲနိုင်သည့်
ဒေသများသို့ ဆက်လက်လှူသွားမည်ဟု သိရှိရသည်။