ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့သောဒေသများသို့ သွားရောက်လှူဒါန်း

၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၂၄ ရက် ညနေက မြန်မာနိုင်ငံအလယ်ပိုင်းဒေသ (ချောက်မြို့၏ အနောက်ဘက်(၁၂)မိုင်ခန့် အကွာ)ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး (၆.၈) အဆင့်ရှိ အင်အားပြင်းငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီး ငလျင်ဒဏ်အဓိကခံစားခဲ့ရသည့် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင်းရှိ ပြိုကျပျက်စီးခဲ့ရသော ရှေးဟောင်းစေတီများနှင့် အဆောက်ဦများ ပြန်လည်ပြုပြင်ရန်အတွက် အလှူငွေကျပ်သိန်း (၁၀၀၀) ကို ယနေ့ (၂၇.၈ .၂၀၁၆) ရက်နေ့တွင် လှူဒါန်းခဲ့ပါသည်။ အလှူငွေပေးအပ်ပွဲအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်၍ အမှာစကားပြောကြားခဲ့ပါသည်။ အလှူငွေကျပ်သိန်း (၁၀၀၀) အား ဖောင်ဒေးရှင်းကိုယ်စားကမ္ဘောဇဘဏ်လီမိတက်ညောင်ဦးဘဏ်ခွဲတာဝန်ခံ ဦးသန်းဆွေမှ သွားရောက်လှူဒါန်းခဲ့ပါသည်။

ဖောင်ဒေးရှင်း၏ ကနဦးလှူဒါန်းမှုအဖြစ် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့ရသော ပုဂံမြို့ရှိရှေးဟောင်းစေတီများ ပြန်လည်ပြုပြင်ရန်အတွက် (၂၅.၈ .၂၀၁၆) ရက်နေ့ကအလှူငွေကျပ်သိန်း (၂၀၀၀) လှူဒါန်းထားပြီး ယခုလှူဒါန်းမှုအပါအဝင် ငလျင်ဘေးအတွက် အလှူငွေကျပ်သိန်း (၃၀၀၀) လှူဒါန်းထားပါသည်။ အလားတူ ၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်နေ့ ညနေပိုင်းက မိုးများပြီး တောင်ကျရေကြောင့်မန္တလေးတိုင်းဒေသကြီး၊ တပ်ကုန်းမြို့နယ်ရှိ သံပုရာကုန်းကျေးရွာ နှင့်လက်ပန်အိုက်ကျေးရွာတို့မှ အိမ်ခြေ ၂၂ လုံး မျောပါ ပျက်စီးခဲ့ပြီး လူအချို့ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။ ဖောင်ဒေးရှင်းသည် အဆိုပါမိသားစုများအတွက် တစ်အိမ်ထောင်လျှင် ဆန်တစ်အိတ်၊ ဆီတစ်ပုံး၊ ငွေကျပ်(၅)သိန်းကို ယနေ့ (၂၇.၈.၂၀၁၆) ရက်နေ့တွင်
ကျေးရွာအရောက် သွားရောက်၍ လှူဒါန်းခဲ့ပါသည်။ ဆက်လက်၍ (၂၈.၈.၂၀၁၆) ရက်နေ့တွင်လည်း အဆိုပါကျေးရွာများတွင် မနက်စာနှင့် ညနေစာထမင်းဘူးများကို ဆက်လက်လှူဒါန်းသွားမည်ဖြစ်ပါသည်။